အောင်မြင်မှ ပျော်ရွှင်၊ ပျော်ရွှင်မှ အောင်မြင်

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


အခုအချိန်ဟာ နှစ်သစ်ရဲ့အစ ဖြစ်တဲ့အတွက် အားလုံး စိတ်သစ်လူသစ်နဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ အားတွေပြည့်နေကြပြီလို့ ထင်ပါတယ်။ အလုပ်တွေ ပြီးမြောက်အောင်လုပ်တဲ့အခါ ဒါမှမဟုတ် ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်တဲ့အခါမှာ လူတွေသတိမထားမိကြတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲဒီအကြောင်းကို နှစ်သစ်လက်ဆောင်အဖြစ် ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။

ပျော်ရွှင်မှ အောင်မြင်မှာ

အများအားဖြင့် လူတွေ တွေးတတ်ကြတာကတော့ “အလုပ်ကြိုးစားမှ အောင်မြင်မယ်၊ အောင်မြင်မှ ပျော်ရွှင်ရမယ်” ဒီလိုဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ပျော်ရွှင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါဟာ တိုးတက်အောင်မြင်မှုတွေရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ ရလဒ်တစ်ခုသာမဟုတ်ဘဲ အကြောင်းအရင်းတစ်ခုလည်း ဖြစ်နေတာပါ။ ဘာကြောင့်လဲဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ရအောင်။

ပျော်ရွှင်တဲ့ ဦးနှောက်ရဲ့ နောက်ကွယ်က သိပ္ပံပညာ

ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြထားတဲ့ အချက်နှစ်ချက်ကို အရင်ဆုံးပြောပြပါမယ်။ သိပ္ပံပညာအရ ပြောမယ်ဆိုရင် ပျော်ရွှင်မှုဆိုတာက Dopamine ဆိုတဲ့ ဟော်မုန်းတစ်ခုပဲ ဖြစ်ပါတယ်။ အများအားဖြင့် ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု၊ သာယာမှုတွေကို ခံစားရတဲ့အခါမျိုးမှာ ဒီဟော်မုန်းတွေ ထုတ်လွှတ်ပါတယ်။ ဒီလို Dopamine တွေ ထုတ်လွှတ်တဲ့အချိန်မှာ ဦးနှောက်ရဲ့ သင်ကြားနိုင်စွမ်းရည်ကလည်း အပြည့်အဝတိုးတက်လာတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ကောင်းမွန်တဲ့ခံစားချက်တွေ ရှိတဲ့အချိန်မျိုးမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းပြီး သာမန်အချိန်မှာ သတိမထားမိတဲ့ အချက်အလက်တွေ၊ စိတ်ရှုပ်ထွေးနေချိန်မှာ မတွေးမိတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်တဲ့။ ဒါမျိုးကို ကိုယ်တိုင်လည်း မကြာခဏကြုံဖူးကြမှာပါ။ ဒါကြောင့် ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ ဆိုပြီး ပြောလေ့ရှိကြတာပဲဖြစ်ပါတယ်။

အလုပ်ပြီးမြောက်ခြင်းနှင့် အောင်မြင်ခြင်း

ဒီနေ့ခေတ်မှာ လူပြောများကြတဲ့ စကားလုံးအသုံးအနှုန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ “Productivity” ဒါမှမဟုတ် “Productive ဖြစ်တယ်” ဆိုတဲ့ စကားပါ။ တစ်နည်းအားဖြင့် ဒါက အလုပ်တွေကို အောင်အောင်မြင်မြင်နဲ့ ဘယ်လောက်ထိပြီးသလဲ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့အလုပ်တွေနဲ့ အချိန်ကို ဘယ်လောက်ကုန်ဆုံးခဲ့သလဲ ဆိုတာမျိုးမှာ ပြောလေ့ရှိကြပါတယ်။ အရှေ့မှာ ပြောခဲ့သလိုပါပဲ။ ပျော်ရွှင်မှုကြောင့် ဦးနှောက်စွမ်းဆောင်ရည်တွေ တိုးမြင့်လာတဲ့အခါမှာ Productivity ကောင်းတယ်၊ အလုပ်တွေ အောင်မြင်တယ်၊ တိုးတက်တယ်ဆိုတာကလည်း တစ်ဆက်တည်းရလာတဲ့ ရလဒ်တွေ ဖြစ်ပါလိမ့်မယ်။

အလုပ်ခွင်မှာ ပျော်ရွှင်စွာ အလုပ်လုပ်ကြမယ်

အကျိုးကို သိပြီဆိုရင် အကြောင်းကို ဖြစ်အောင်လုပ်ရမယ်မဟုတ်လားနော်။ အောင်မြင်ရင် ပျော်ရွှင်မှာဖြစ်သလို ပျော်ရွှင်မှလည်း အောင်မြင်မှာကို သိထားပြီဆိုရင် အလုပ်ခွင်မှာ အလုပ်လုပ်တဲ့အချိန်တိုင်း ပျော်ပျော်ရွှင်ရွှင်လုပ်ကြည့်ပါ။ ဒါကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။ ကော်ဖီကောင်းကောင်းတစ်ခွက်၊ သန့်သန့်ရှင်းရှင်းစားပွဲလေးမှာ ကိုယ့်အလုပ်ကို စိတ်ပါလက်ပါလုပ်တာကလည်း ပျော်ရွှင်စရာပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်ရယ်‌မောမော အတူတူအလုပ်လုပ်ကြတာကလည်း ပျော်ရွှင်စွာ အလုပ်လုပ်ခြင်းပါပဲ။

အကျိုးရလဒ်အနေနဲ့ကတော့ လက်ရှိအချိန်မှာလည်း ကိုယ်တိုင်ရော၊ ဘေးပတ်ဝန်းကျင်ပါ စိတ်ချမ်းသာရပြီး အလုပ်တွေအောင်မြင်မှာဖြစ်သလို အနာဂတ်မှာလည်း လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိစေမှာ အသေအချာပါပဲ။ ဒါကြောင့် ပျော်ရွှင်ရင်း အောင်မြင်၊ အောင်မြင်ရင်း ပျော်ရွှင်ကြဖို့ “Work with Joy” ဆိုတဲ့ လျှို့ဝှက်ချက်လေးကို မျှဝေပေးလိုက်ရပါတယ်နော်။


Share

Comments

Related Posts