စိတ်ကို အနားပေးဖို့ မမေ့ပါနဲ့

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


တစ်ရက်တစ်ရက် ဘဝအတွက် ရုန်းကန်လှုပ်ရှားရင်း ပုံစံခွက်ထဲမှာပဲ လည်ပတ်နေရတာ ပင်ပန်းတယ်မဟုတ်လား။ တချို့ကလည်း ဒီလိုအလုပ်တွေလုပ်ရင်းနဲ့ပဲ အနားယူဖို့မေ့နေတတ်ကြပါတယ်။ တချို့ကလည်း ခန္ဓာကိုယ်အတွက် အနားယူပေမဲ့ စိတ်ကို အနားပေးဖို့တော့ ကျန်နေတတ်ကြပြန်ပါတယ်။ တကယ်တော့ တစ်ပတ်မှာ တစ်ရက်မဟုတ်ရင်တောင် အနည်းဆုံး တစ်လမှာတစ်ရက်လောက်တော့ ဘာမှမလုပ်ဘဲနေပြီး စိတ်ကို အနားပေးဖို့လိုအပ်ပါတယ်။

ဒီနေရာမှာ အနည်းငယ်ရှင်းဖို့ လိုအပ်မယ်ထင်ပါတယ်။ ဘာမှမလုပ်ဘဲနေတယ်ဆိုတာ အိပ်ရာထဲ တစ်နေကုန်လှဲနေပြီး ဖုန်းသုံးနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူးနော်။ ဒါမျိုးကတော့ လူတိုင်းလုပ်ဖြစ်လောက်တဲ့ အနားယူခြင်းမျိုးပါ။ တကယ်တမ်းတော့ အဲဒါကလည်း စိတ်ပိုင်းဆိုင်ရာအရဆိုရင် အနားယူတယ်လို့ ပြောလို့မရပါဘူး။

အခုပြောတဲ့ ဘာမှမလုပ်ဘဲနေတယ် ဆိုတာကတော့ ပင်ပန်းရတဲ့ ရုံးအလုပ်၊ အိမ်အလုပ်၊ ကိုယ်ပိုင်အလုပ်တွေအပြင် စိတ်အား၊ လူအားစိုက်ရတဲ့ ဖုန်းသုံးတာတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတာတွေ၊ သာရေးနာရေး စတဲ့ ကိစ္စတွေ အကုန်လုံး ဘာတစ်ခုမှမလုပ်ဘဲ လုံးဝအနားပေးတာမျိုးကို ဆိုလိုပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို မပြောခင် ဘာကြောင့်လဲဆိုတာကို အရင်ပြောချင်ပါတယ်။

စိတ်ဝိညာဥ်ကို ပြန်လည်တည်ဆောက်ခြင်း

ဦးနှောက်နဲ့ စိတ်ဝိညာဥ်ကို ကွန်ပျူတာတစ်လုံးလို မြင်ယောင်ကြည့်ပါ။ နေ့စဥ်ရက်ဆက် အလုပ်တွေ မနားတမ်းလုပ်နေရတဲ့ ကွန်ပျူတာဟာ တဖြည်းဖြည်းလေးလံလာပြီး ကြာလာလေလေ၊ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့လေ ဖြစ်လာတယ်မဟုတ်လား။ အဲဒီအစား လုပ်ဆောင်မှုတွေကို ပိတ်လိုက်ပြီး Shutdown ချလိုက်မယ်ဆိုရင် ပြန်ဖွင့်တဲ့အခါ ပိုပြီး ချောချောမွေ့မွေ့နဲ့ အလုပ်ပြန်လုပ်နိုင်ပါတယ်။

ဒီလိုပါပဲ။ လူတွေမှာလည်း မနားတမ်း အလုပ်တွေလုပ်နေတဲ့အခါ ကြာလာရင် စိတ်တွေထိုင်းမှိုင်းပြီး စိတ်ကူးစိတ်သန်းအသစ်တွေ သေဆုံးလာတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ တစ်ရက်လောက် ဘာမှမလုပ်ဘဲနေလိုက်ခြင်းဟာ ကွန်ပျူတာကို Shutdown ချလိုက်သလိုပါပဲ။ ကိုယ့်ရဲ့စိတ်ကို အနားပေးရာရောက်သလို အလုပ်တွေကိုလည်း ကောင်းကောင်းမွန်မွန် ပြန်လုပ်နိုင်အောင် အားဖြည့်ရာလည်းရောက်ပါတယ်။ တကယ်တော့ ဒါဟာ လုပ်သင့်တဲ့အရာမဟုတ်ဘဲ လုပ်ကိုလုပ်ရမယ့်အရာ ဖြစ်ပါတယ်။

ဘာမှမလုပ်ခြင်း အနုပညာ

အရှေ့မှာပြောခဲ့သလိုပါပဲ။ ဘာမှမလုပ်ဘဲနေတယ်ဆိုတာ အိပ်ရာထဲမှာ ဖုန်းသုံးနေတာမျိုးမဟုတ်ပါဘူး။ အမှုန်တွေနဲ့ နောက်ကျိနေတဲ့ ရေခွက်တစ်ခွက်ကို အနည်ထိုင်သွားအောင် ငြိမ်ငြိမ်လေးထားလိုက်သလိုပါပဲ။ တစ်နေရာရာမှာထိုင်ပြီး ကောင်းကင်ကို ကြည့်တာမျိုး၊ ဘယ်ကိုသွားမယ်ဆိုတဲ့ ဦးတည်ချက်မရှိဘဲ ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်တာမျိုး စသဖြင့် ဒီလိုလေးတွေ လုပ်လို့ရပါတယ်။ ကိုယ်က အအိပ်မက်တဲ့သူ ဒါမှမဟုတ် အိပ်ရေးဝဝ မအိပ်ရတာကြာပြီဆိုရင် ဘာမှမစဉ်းစားဘဲ တရေးတမော အိပ်လိုက်ပါ။ သတိထားစရာကတော့ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေ စတဲ့ screen တွေနဲ့ ဝေးရာမှာနေဖို့ပါ။ ဒုတိယတစ်ချက်ကတော့ “ငါ အချိန်ဖြုန်းမိနေတာများလား” ဆိုတဲ့အတွေးမျိုး လုံးဝဖယ်ထားဖို့ပါပဲ။

တစ်ချိန်လုံးအလုပ်လုပ်နေတဲ့သူတွေ မဟုတ်ရင်တောင် အခုခေတ်မှာ လူတိုင်းနီးပါးက အချိန်နဲ့အမျှ ဖုန်းကို လက်က မချဖြစ်နေတဲ့ နေထိုင်မှုပုံစံမျိုးမှာ နေသားကျနေခဲ့ကြတာဖြစ်လို့ ဘာမှမလုပ်ဘဲနေရတာက အစပိုင်းတော့ ပျင်းစရာကောင်းပြီး အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ လေ့ကျင့်ကြည့်ပါ။ စိတ်တွေ ပိုပြီး ငြိမ်းချမ်းလာသလို အလုပ်မှာလည်း ပိုပြီး အားအင်အပြည့်နဲ့ လုပ်နိုင်လာပါလိမ့်မယ်။ နောက်ပြီး ဒီစကားလေးတစ်ခွန်း လက်‌ဆောင်ပေးလိုက်ပါရစေ။

“ပြင်ပက အသံတွေ တိတ်ဆိတ်သွားမှ ကိုယ့်ရင်ထဲက အသံကို ကြားနိုင်မယ်”


Share

Comments

Related Posts