ကလေးငယ်တို့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ ကစားနည်း ၅ မျိုး

Posted in မိဘအုပ်ထိန်းခြင်း


ဘေဘီလေးတို့ မွေးဖွားလာတာကနေ တဖြည်းဖြည်း အသက်အရွယ်ကြီးလာတဲ့အချိန်ထိ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့ အစားအသောက်နဲ့ တစ်မျိုး၊ လေ့ကျင့်ကစားနည်းတွေနဲ့ တစ်ဖုံ ဂရုပြုပေးကြရပါတယ်။ ထိုနည်းတူ ငယ်စဥ်ကတည်းက စောင့်ကြည့်ဂရုစိုက်ပေးသင့်တဲ့ ဦးနှောက်ကျန်းမာရေးအတွက်လည်း မေ့လျော့ထားလို့ မဖြစ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ အသက် ၅ နှစ်ရောက်တဲ့အခါ လူကြီးတစ်ယောက်ရဲ့ ဦးနှောက်အတိုင်း ဖြစ်ဖို့ ၉၀% အထိ တိုးတက်ပြောင်းလဲနေခဲ့ပါပြီ။ ဒီလိုတိုးတက်မှုကို အထောက်အပံ့ဖြစ်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်လှုပ်ရှားခြင်းတွေက ခန္ဓာကိုယ်အတွက်တင် မဟုတ်ဘဲ ဦးနှောက်အတွက်လည်း မဖြစ်မနေ အရေးပါလှတာပါ။ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ သင်ယူလေ့လာနိုင်စွမ်းတွေ ထက်သန်လာဖို့အတွက် ဒီလိုနုနယ်တဲ့ကလေးအရွယ်က အရေးကြီးတဲ့ အချိန်ကာလအပိုင်းအခြားလည်း ဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်ထိရောက်တဲ့ လေ့ကျင့်ကစားနည်းလေးတွေနဲ့ ကလေးတို့ရဲ့ မှတ်ညဏ်၊ အာရုံစူးစိုက်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို တိုးတက်လာအောင် ဖေဖေမေမေတို့အနေနဲ့ လေ့ကျင့်ပေးကြည့်ရအောင် အောက်မှာ ဆက်ဖတ်ကြည့်ရအောင်။

အပြင်ထွက်ဆော့ကစားခြင်း

စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ပြေးလွှားခုန်ပေါက်တာ၊ အမြင့်တွယ်တက်တာတို့က ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ စိတ်အင်အားဖြစ်စေခြင်းတို့ကို တိုးတက်စေပါတယ်။

ကခုန်ခြင်း

သီချင်းတစ်ပုဒ်ပုဒ်ကို ခံစားပြီး စည်းချက်ညီညီ ကခုန်ခြင်းက မှတ်ညဏ်အားကောင်းစေပြီး ကြောင်းကျိုးဆက်စပ် တွေးခေါ်နိုင်ကာ စိတ်ခံစားမှုကို ဖော်ပြတတ်စေဖို့ အထောက်အကူပြုပါတယ်။

ကလေးယောဂကျင့်ခြင်း

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့ အခြေခံယောဂကို ကလေးတွေလေ့ကျင့်ပေးမယ်ဆို အာရုံစူးစိုက်မှုအားကောင်းစေပြီး စိတ်လက်ပေါ့ပါးစေတဲ့အတွက် သင်ယူလေ့လာနိုင်စွမ်းလည်း မြင့်တက်လာစေမှာပါ။

ဘောလုံးကစားခြင်း

ဘောလုံး၊ ဘတ်စကတ်ဘော စတဲ့ ကစားနည်းကတော့ မျက်လုံးနဲ့ ခြေ၊ လက်တွေကို အာရုံစိုက်ပြီး အတူတကွလှုပ်ရှားရတာမို့လို့ ဦးနှောက်လှုံ့ဆော်မှုအားကောင်းစေပါတယ်။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်နိုင်စွမ်းပါ တိုးတက်စေတာမို့ လေ့ကျင့်ပေးသင့်တဲ့ အားကစားအမျိုးအစားတစ်ခုဖြစ်ပါတယ်။

သရုပ်ဆောင်ကစားခြင်း

လက်ဟန်ခြေဟန်နဲ့ ပုံပြင်ပြောပြတာ၊ ဆေးကုတာ၊ အိမ်ဆောက်တာ၊ ဟင်းချက်တာ စသဖြင့် အုပ်ထိန်းသူနဲ့တူတူ သရုပ်ဆောင်ကစားတာမျိုးက ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းနဲ့ လိုက်လျောညီထွေနေတတ်စွမ်းအပြင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကောင်းမွန်နိုင်မှုတွေမှာပါ အကျိုးကျေးဇူးများစေတာပါ။

ဒီလိုလှုပ်ရှားကစားခြင်းတွေက ဦးနှောက်ကျန်းမာရေးအတွက် ဘယ်လောက်အကျိုးများလဲဆို ဦးနှောက်သွေးလည်ပတ်မှုကောင်းစေတယ်။ ဒီလိုသွေးလည်ပတ်မှုကောင်းတာက စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကို လျော့ကျစေတဲ့ Endorphins နဲ့ BDNF လို့ခေါ်တဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေ တိုးတက်သန်စွမ်းစေတဲ့ ဓာတုဓာတ်တွေ ထုတ်လွှတ်မှုကို အားပေးပါသေးတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးလေး ဘယ်အရာမဆို တက်တက်ကြွကြွနဲ့ လေ့လာသင်ယူနိုင်ဖို့အပြင် ကြောင်းကျိုးဆက်စပ် တွေးခေါ်နိုင်ဖို့ အပေါ်မှာပြောပြထားတဲ့ ကစားနည်းလေးတွေ လေ့ကျင့်ပေးပြီး ငယ်စဥ်ကတည်းက ဦးနှောက်ကျန်းမာရေးကောင်းမွန်မှုအတွက် ဂရုပြုပေးလိုက်ရအောင်။


Share

Comments

Related Posts