DIY မီးပုံး လှလှလေးတွေ အလွယ်လုပ်မယ်

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


သီတင်းကျွတ်ပိတ်ရက်ရောက်ဖို့နီးလာပြီနော်။ ဒီနှစ်သီတင်းကျွတ်မှာ ကိုယ့်ရဲ့အိမ်ကိုထူးထူးခြားခြားလေး အလှဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလား? ဒီဆောင်းပါးလေးမှာတော့ သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူ အိမ်မှာပဲ အလွယ်တကူ ကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့ အလှဆင်ပစ္စည်းလေး (၇) မျိုးကို မျှဝေပေးသွားမှာပါ။

ဖယောင်းတိုင်မီးအိမ်

သီတင်းကျွတ်ရဲ့ ရိုးရာလို့တောင်ပြောလို့ရတဲ့ ဖယောင်းတိုင်မီးအိမ်လေးတွေကို ပြန်အသုံးပြုလို့ရတဲ့ ဖန်ပုလင်း၊ ခွက်လေးတွေကနေ အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဖန်ပုလင်းလေးကို ရေသေချာဆေး၊ အခြောက်ခံထားပြီးတော့ အလယ်မှာ ဖယောင်းတိုင်လေးစိုက်လိုက်ရုံနဲ့ အလင်းမှိန်မှိန်လေးနဲ့ တောက်ပနေမယ့် မီးအိမ်လေးရသွားပါပြီ။ ဖန်ပုလင်းလေးတွေကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ်တာ၊ ပန်းလေးတွေနဲ့အလှဆင်တာမျိုးလုပ်နိုင်တဲ့အပြင် Eco-friendly ဖြစ်ပြီး အိမ်အတွင်း၊ အပြင်နေရာမရွေးထားလို့ရတဲ့ မီးအိမ်လေးတွေပဲဖြစ်ပါတယ်။

စက္ကူမီးပုံး

သီတင်းကျွတ်မှာ အများဆုံးမြင်တွေ့ရတာကတော့ စက္ကူမီးပုံးလေးတွေပဲဖြစ်ပါတယ်။ ဒီနှစ်သီတင်းကျွတ်မှာ ဆိုင်ကနေ ဝယ်မယ့်အစား ကိုယ်တိုင်စက္ကူမီးအိမ်လေးတွေ ဖန်တီးပြီး အလှဆင်ကြရအောင်။ အရင်ဆုံး ရောင်စုံစက္ကူ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ စက္ကူလေးတွေကို အရွယ်အစားညီအောင်ဖြတ်ပြီး ဝါးချောင်းလေးတွေမှာ မီးအိမ်ပုံစံဖြစ်အောင် ကော်နဲ့ကပ်ပေးရပါမယ်။ ပြီးရင်အလယ်မှာ ဖယောင်းတိုင်အသေးလေးကို သေချာလေးထည့်ပြီးမီးထွန်းညှိလိုက်ရုံပါပဲ။ မီးပုံးလေးအတွက် အလင်းပေါက်နိုင်တဲ့ ဖယောင်းစက္ကူလိုမျိုး စက္ကူအပါးသားလေးကို သုံးဖို့အကြံပြုလိုက်ပါတယ်။ 

ကိုယ်တိုင်လုပ် ဖယောင်းတိုင်ခွက် (Candle Holder) 

သစ်သား၊ Clay ရွှံ့နဲ့ ဝါးလိုမျိုး ပစ္စည်းလေးတွေကို အသုံးပြုပြီးတော့ သီတင်းကျွတ်နဲ့လိုက်ဖက်တဲ့ ထူးထူးခြားခြား Candle Holder  ဖယောင်းတိုင်ခံထွန်းစရာအောက်ခံခွက်လေးတွေကို ကိုယ်တိုင်ထွင်းပြီး ဖန်တီးလို့လည်းရတယ်နော်။ ဆေးရောင်စုံနဲ့ စိတ်ကြိုက်ဒီဇိုင်းပုံထွင်းထားတဲ့ Candle Holder လေးတွေကတော့ သီတင်းကျွတ်မှာ အများနဲ့မတူထူးခြားနေမှာအမှန်ပါပဲ။

ရေပေါ်မီးအိမ်

ရေပေါ်မီးအိမ်လေးတွေဟာလည်း သီတင်းကျွတ်အတွက် စိတ်ကျေနပ်စရာဖန်တီးမှုတစ်ခုဖြစ်စေမှာပါ။ ပထမဆုံး သစ်သားစလေးကို ဖောင်ပုံစံအရင်လုပ်ဖို့လိုပါတယ်။ ပြီးရင် သစ်သားဖောင်သေးသေးလေးရဲ့ အလယ်မှာ ဖယောင်းတိုင်စိုက်ပြီးတော့ ဘေးကနေ ရောင်စုံဆီစိမ်စက္ကူလေးကို ပတ်ပတ်လည် ကော်နဲ့သေချာပတ်ပေးရပါမယ်။ နောက်ပြီးရင်တော့ ဖယောင်းတိုင်မီးညှိပြီး ရေဖြည့်ထားတဲ့ ကန်ထဲကို အသာအယာမျောပေးလိုက်ရုံနဲ့ လှပတဲ့ရေပေါ်မီးအိမ်လေးကို တွေ့မြင်ရမှာပါ။ တစ်ခါမှမလုပ်ဖူးသေးရင် စမ်းလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ 

ရောင်စုံဖယောင်းတိုင်ခံခွက်

ကိုယ်ပိုင်အနုပညာဆန်ဆန်ဖန်တီးချင်တဲ့လူတွေအတွက် စိတ်ကြိုက်လက်နဲ့ခြယ်သနိုင်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ အခရိုင်လစ်ဆေးရောင်စုံနဲ့ ပန်းကန်ပြားလေးတွေပဲ လိုအပ်ပါတယ်။ ဆေးရောင်စုံတွေကနေတစ်ဆင့် ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ပန်းကန်ပြားလေးတွေပေါ်မှာ ထင်ဟပ်လိုက်တဲ့အခါ လှပပြီး အနုပညာဆန်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးတွေက သီတင်းကျွတ်ကို ပိုမိုပြီးပြည့်စုံသွားစေမှာပါ။ 

ဆီမီးခွက်

အားလုံးသိတဲ့အတိုင်း သီတင်းကျွတ်မှာ ဆီမီးခွက်ကတော့ ဂန္တဝင်ဆန်တဲ့အလှဆင်မှုပါပဲ။ ကိုယ့်အိမ်မှာ အလှဆင်ဖို့ ဆီမီးခွက်တွေကို ဆိုင်ကနေဝယ်ယူမယ့်အစား မြေခွက်၊ မီးစာနဲ့ ဆီ အနည်းငယ်သုံးပြီး ကိုယ်တိုင် အလွယ်တကူဖန်တီးလို့ရတယ်နော်။ ပထမဆုံး ဆီမီးခွက်လုပ်ဖို့ မြေခွက်လေးတွေ လိုအပ်သလောက်ကြိုစုထားဖို့လိုပါတယ်။ ပြီးရင် မြေခွက်တစ်ခုချင်းစီကို ဆီနဲ့မီးစာ လိုအပ်သလောက်ဖြည့်ပြီး မီးထွန်းညှိလိုက်ရုံပါပဲ။ ဒီနှစ်သီတင်းကျွတ် အိမ်ခြံဝင်းနဲ့ ဝရံတာတွေမှာ ဆီမီးခွက်ရဲ့ မီးရောင်လဲ့လဲ့လေးတွေနဲ့အလှဆင်ဖို့ မမေ့နဲ့နော်။ 

မီးပုံးပျံ 

သီတင်းကျွတ်မှာ မီးပုံးပျံလွှတ်ရတာမကြိုက်တဲ့ မရှိပါဘူး။ ဒါပေမယ့် မီးပုံးပျံတစ်ခုဖန်တီးဖို့ဆိုရင် သေချာအသေးစိတ် ဂရုတစိုက်ရှိမှာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းစက္ကူ၊ ဝါယာကြိုးခွေအသေး၊ တစ်ရှူးစက္ကူ၊ တိပ်နဲ့ ဖယောင်းရည် အနည်းငယ်တို့ပဲဖြစ်ပါတယ်။ 

ပထမဆုံး ဖယောင်းစက္ကူတွေကို စိတ်ကြိုက်အရွယ်အစားညီညီဖြတ်တောက် ကော်ကပ်ပြီး ဆလင်ဒါ စက်လုံးပုံစံ ပုံဖော်လိုက်ပါ။ ဖယောင်းစက္ကူနဲ့လုပ်ထားတဲ့ ဆလင်ဒါ စက်လုံးရဲ့အပေါ်ဖက်အဝကို အိတ်ပုံစံဖြစ်အောင် ဖယောင်းစက္ကူနဲ့ပိတ်လိုက်ပါ။  မီးစာချိတ်ဖို့ ဝိုင်ယာကြိုးအသေးနှစ်ချောင်းကို ကွင်းပုံစံပြုလုပ်ပါ။ ဝါယာကြိုးကွင်းတွေကို ကြက်ခြေခတ်ပုံစံထားကာ စက်လုံးရဲ့ ပွင့်နေတဲ့ အောက်ခြေအဝမှာ တိပ်နဲ့ကပ်ပါ။ အဲဒီနောက် တစ်ရှူးစက္ကူကို လိုအပ်သလောက် ဖယောင်းရည်နဲ့စိမ်ပြီး ဆလင်ဒါ စက်လုံးအောက်ခြေက ဝိုင်ယာကြိုးနှစ်ခုဆုံတဲ့ ကြက်ခြေခတ်နေရာမှာ ချည်လိုက်ပါ။ နောက်ဆုံး ဖယောင်းရည်နဲ့စိမ်ထားတဲ့မီးစာကို မီးထွန်းညှိပြီး ကိုယ်စိတ်ကြိုက်ဆုတောင်းစကားတွေနဲ့အတူ ကောင်းကင်ပေါ်ကိုလွှတ်တင်လို့ရပါပြီ။ ဒီနည်းလမ်းအတိုင်း မီးပုံးပျံအသေးပြုလုပ်ပြီး အလှချိတ်ဆွဲထားလို့လည်းရပါတယ်။ 

အားလုံးပဲ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။


Share

Comments

Daw Kaung Han

ရွှံနဲ့လုပ်ထားတဲ့ဂန္တဝင်ဆန်ဆီမီးခွက်လေးနဲ့ဆိုတော့ ပိုက်ဆံအကုန်အကျလည်းသက်သာကုသိုလ်လည်းရတာပေါ့

Poe Ei Mon

ကျွန်မအတွက်တော့ ပြုလုပ်ပုံလေးတွေ ဖတ်ခွင့်ရတာဟာ သိပ်ကိုအကျိုးရှိပါတယ်။ဘုရားကျောင်းဆောင်မှာ မီးပုံးလေးတွေ ချိတ်ပြီး ဆီမီးပူဇော်ခွင့်ရသွားပါတယ်။ အိမ်ရဲ့ ဝရံတာ လက်ရန်းလေးတွေပေါ် တင်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုလည်း ဆင်နွှဲသွားမှာပါရှင့်

susumon

သီတင်းကျွတ်ရင်မီးပုံးလွှတ်ခဲ့တဲ့ငယ်ဘဝကိုပြန်သတိရမိတယ်၊ဖယောင်တိုင်တွေခြံစည်းရိုးမှာထွန်းခဲ့တာတွေ၊လူကြီးတွေကန်တော့ခဲ့တာတွေအမှတ်ရနေမိတယ်၊ပျော်စရာကောင်းတဲ့သီတင်းကျွတ်ရယ်🙏🙏🙏

Amara Zan

ကုန်စျေးနှုန်းတွေတက်နေတဲ့အချိန် အခုလိုလုပ်နည်းလေးတွေတင်ပေးတော့ငွေကုန်ကြေးကျလည်းသက်သာအပျင်းပြေပြီးသီတင်းကျွတ်မှာဘုရားကိုရည်မှန်းပူဇော်လို့ရတာပေါ့သီတင်းကျွတ်မှာမိဘနဲ့ကျေးဇူးရှိဖူးတဲ့လူကြီးတွေကန်တော့ရတာအင်မတန်ကောင်းတဲ့အလေ့အထလေးမို့အရမ်းနှစ်သက်မိပါတယ်

Ko Bhone Kywe

သီးတင်းကျွတ်ခါနီးပီဆိုရင် မီးပုံးပျံ အလှဆင်ပီး ရောင်းချတာတွေ လမ်းဘေးဝဲယာမှာမြင်တွေ့နိူင်ပါတယ်။ ဆီမီးအလင်းတိုင်၊ မီးပုံးလေးတွေ မီးထွန်းညှိပီး လမ်းတိုင်းမှာ အိမ်တိုင်းမှာ ချိတ်ဆွဲထားတာမြင်တော့ တကယ့်ကြည်နူးစရာ စက္ခုအာရုံကိုပေးစေပါတယ်

Khay Sett Mei

သီတင်းကျွတ် ရိုးရာဓလေ့ လည်းမပျောက်ပျက်ဘဲ ကလေးတွေနဲ့လူငယ်တွေအတွက် တီထွင်စွမ်းအားပိုမြင့်စေဖို့ dry မီးပုံးလေးတွေပြုလုပ်ပြီး မီးပူဇော်ကြပါမယ်ရှင့်

Ma Kyawt

သီတင်းကျွတ်လရောက်ပြီဆိုတာနဲ့မြန်မာလူမျိုးတို့ရင်ထဲကမြင်ယောင်မိတာဟာ မီးပုံးလှလှလေးတွေဖြစ်ပါတယ်နော်

Thae Suu

မြန်မာတို့ရဲ့'မီးထွန်းပွဲတော်'ကိုဖော်ကျူးရေးသားတာဖြစ်လို့ရောင်စုံဖယောင်းတိုင်ခံခွက်ဆောင်းပါးမှရောင်စုံဖယောင်းတိုင်ခံခွက်လေးတွေကသီတင်းကျွတ်ကိုပိုမိုပြီးပြည့်စုံသွားစေမှာပါဆိုတဲ့စာသားကိုနှစ်သက်ပါတယ်

Kyaw Zin Oo

ကျွန်တော်တို့ကလေးဘ၀တုန်းကဆို‌ဖယောင်းတိုင်မီးထွန်းတာ ရေပေါ်စေမယ် ဖော့တွေ ငှက်ပျောတုံးတွေ အပေါ်မီးထွန်းပြီ မျောကြတာများတယ် ခုလို့ ကိုယ်တိုင်လုပ်တာမျိုးမရှိတော့ နောင်တရမိတယ် နောက်နှစ် နောက်နှစ်တွေမှလည်း ကိုယ်တိုင်လုပ်ပြိ သာယာပျော်ရွှင်စရာ သီတင်းကျွတ်ညလေးဖြတ်သန်းအောင်ကြိုးစားပါတော့မယ်

Kyaw Kyaw

မြန်မာ့ရိုးရာမီးပုံးလေးတွေတိမ်မြုပ်သလိုဖြစ်နေတာတော့စိတ်မကောင်းဘူး အခုလိုDIY မီးပုံး မီးအိမ်လေးတွေလုပ်နည်းကိုဖော်ပြပေးတာကတနည်းအားဖြင့်ရိုးရာအမွေအနှစ်ကိုပ့န်လည်ဆန်းသစ်လာစေမယ့်စိတ်ကူးကောင်းလေးတွေပါပဲ

Tha Khin Zin Myo

သီတင်းကျွတ်မှ ဘုရားကို မီးပူဇော်တဲ့ နေ့ရက်လေးပါ. သီတင်းကျွတ်မှ မိသားစု တွေ ဆီးမီးတွေ တူတူ ထွနိးကြပိး မီးသရဲလုပ်တိုင်းဆော့ကြပိး မီးရူး မီးပန်းများလည်း လွတ်ကျ ရပါတယိ မြန်မာ မှ သီတင်းကျွတ်ရက်နေ့က အပျော်ရွှင်ဆုံး နေ့ရက်လေးပါ

Thar Aww

ငွေပေးရင် ရတယ်ဆိုတဲ့ အသိစိတ်ကို နောင်တရမိတယ် ကိုယ်ဖန်တီးလိုက်တဲ့အရာအတွက် တစ်သက်တာအမှတ်ရနေမဲ့ မြတ်နိုးမှု့ပဲ

Yuzana Moe Kyaw

သတင်းကျွတ်နှစ်တိုင်းဆီးမီထွန်းဖြစ်ပါတယ်မိဘတွေကိုကန့်တော့တာကုသိုလ်ရပါတယ်ဘုရားလည်းသွားပါတယ် သတင်းကျွတ်လူကြီးမိဘကန့်တော့ခြင်းဟာမြန်မာ့ဓလေရိုးရာတစ်ခုပါ

Yuzana Moe Kyaw

သတင်းကျွတ်နှစ်တိုင်ဆီမီးထွန်းပါတယ်လူကြီးမိဘတွေကန်တေ့ရတာကုသိုလ်ရပါတယ်သီတင်းကျွတ်ဆီမီးထွန်းခြင်းဟာခေတ်ဆက်ဆက်ကမြန်မာရိုးရာဓလေ့တစ်ခုပါ

Padauk Shwe War

တန်ဆောင်တိုင်ရောက်တော့မှာဆိုတော့ အိမ်ကတူလေးတွေအကြိုက် မီးပုံးပျံလေးဘယ်လိုလုပ်ရမလဲဆိုတာ ဒီဆောင်းပါးလေးကနေ သိလိုက်ရလို့ ‌‌တော်တော်အထောက်အပံ့ရလိုက်ပါတယ် ကျေးဇူးပါရှင့်

Daw Myat Myat Khaing

မယ်​တော်မိနတ်သားအား တရား​ဟောပြီးလူပြည်ကိုပြန်ကြွလာ​သောမြတ်စွာဘုရားအား ရည်မှတ်မှန်း၍ဆီးမီး၊မီးပုံး၊မီးပုံးပျံများထွန်းညှိပူ​ဇော်လွှတ်တင်​သော ချစ်စရာမြန်မာ့ယဥ်​ကျေးမှုတရပ်ကို​ဖော်ပြထားတာမို့ ပီတိဖြစ်ရပါတယ်။

Daw Myat Myat Khaing

မယ်​တော်မိနတ်သားကို တရား​ဟောပြီးလူပြည်သို့ ပြန်ကြွလာ​​သောမြတ်စွာဘုရားအားသက်​တော်ထင်ရှားရှိသကဲ့သို့ရည်မှတ်မှန်း၍ဆီမီး၊ဖ​ယောင်းတိုင်၊မီးပုံး၊မီးပုံးပျံများထွန်းညှိပူ​ဇော်လွှတ်တင်​ကြ​သောချစ်စရာ မြန်မာ့ရိုးရာဓ​လေ့ကို​ပေါ်လွင်ထင်ဟပ်​စေပါတယ်။

Saung Hnin Pwint

သီတင်းကျွတ် တန်ဆောင်တိုင်မှာ ပိုက်ဆံမကုန်ပဲ မီးပုံးလှလှလေးကိုယ်တိုင်လုပ်လို့ရလို့ ဗဟုသုတဖြစ်ရပါတယ်

May Khin

သီတင်းကျွတ်အခါသမညမှာမီးပုံးလေးများကိုဆီမီးထွန်းညှိပူဇော်ကြတာဟာမြန်မာလူမျိူးများရဲ့မြတ်နိုးဖွယ်ရာလေးယဉ်ကျေးမှုလေးတစ်ခုဖြစ်ပါတယ်ရှင်မိဘတွေကိုလက်အုပ်ချီကန်တော့ကြတာဟာလည်းကျွန်မတိုရဲ့ချစ်စရာယဉ်ကျေးမှုလေးတစ်ခုဖြစ်ပါတယ်ရှင်🙏🙏🙏

MiKhin

သီတင်းကျွတ်မှာမီးပုံးတွေလွှတ်ပြီးဘုရားမှာဆီမီးပူဇော်ကြတာဟာကျွန်မဘဝမှာပျော်စရာအကောင်းဆုံအရာပါအဲအချိန်တွင်မိဘဆွေမျိူးသားချင်းတွေနဲ့တွေ့ဆုံရတဲ့အတွက်ကျွန်မဘဝမှာအပျော်ဆုံအချိန်အခါသမလေးပါရှင်

mamalaysu

ဟင်းချက်နည်းများဆိုတဲ့ကဏ္ဍလေးသဘောကြပါတယ်ရှင်"အစာကိုမြိန်ရင်လူကိုခင်တတယ်"ဆိုတဲ့ဆိုရိူးစကားအတိုင်းဘဲချစ်မြတ်နိုးရတဲ့သူတွေအတွက်ဆိုမမောနိုင်မပန်းနိုင် ချက်ပြုတ်ပေးပီးသူတို့လေးတွေအားပါးတရစားနေတာတွေ့ရင်အမောတွေကိုပြေရော အရသာရှိတဲ့ဟင်းတခွက်ကိုချက်ပေးနိုင်တဲ့လက်တစုံကို ပိုင်ဆိုင်ထားရတာဟာဘုရားပေးတဲ့ဆုလာဘ်ပါဘဲ

Nilar Thein

အဆိုးမြင်မှုတွေနဲ့ဝေးအောင်နေပါဆိုတဲ့စာစုလေးဖတ်မိတော့တစ်နေ့တစ်နေ့ဘဝအတွက်ရုန်းကန်ရတာနဲ့ကိုယ့်ကိုယ်ကိုရောကိုယ့်စိတ်ကိုရောအနားပေးဖို့မေ့နေခဲ့တာလူ့ဘဝကခဏတာပဲရတာပါကိုယ့်ရဲ့ပျော်ရွှင်မှုremote controlကိုကိုယ်ကိုယ်တိုင်ကိုင်ထားမှလူဖြစ်မရှုံးရမှာပါ

Aung Naing Oo

ရိုးရာဓလေ့လည်းမပျောက်ပျက်ဘဲလူငယ်အားလုံး တီထွင်ဖန်တီးနိုင်စွမ်း ပိုမိုရရှိလာပါတယ် Screen Time လျော့ဖို့လည်းအကြံကောင်းပါဘဲ

Htet Yatanar Naing

ကြိုက်လိုက်တာ😍

Htet Yatanar Naing

မီးပုံးလေးတွေလုပ်ကြည့်ချင်နေတာနဲ့အတော်ဘဲဖြစ်သွားပြီကျေးဇူးတင်ပါတယ်ရှင့်😍။

Htet Ei Ei Naing

မီးပုံးလေးတွေ စိတ်ရှည်ရှည်လုပ်တတ်တဲ့ အိမ်ကသမီးနဲ့တော့ ကွက်တိဘဲ😍 သမီးအတွက် ကျေးဇူးတင်ပါတယ်ရှင့်😍

Related Posts