DIY မီးပုံး လှလှလေးတွေ အလွယ်လုပ်မယ်

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


သီတင်းကျွတ်ပိတ်ရက်ရောက်ဖို့နီးလာပြီနော်။ ဒီနှစ်သီတင်းကျွတ်မှာ ကိုယ့်ရဲ့အိမ်ကိုထူးထူးခြားခြားလေး အလှဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလား? ဒီဆောင်းပါးလေးမှာတော့ သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူ အိမ်မှာပဲ အလွယ်တကူ ကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့ အလှဆင်ပစ္စည်းလေး (၇) မျိုးကို မျှဝေပေးသွားမှာပါ။

ဖယောင်းတိုင်မီးအိမ်

သီတင်းကျွတ်ရဲ့ ရိုးရာလို့တောင်ပြောလို့ရတဲ့ ဖယောင်းတိုင်မီးအိမ်လေးတွေကို ပြန်အသုံးပြုလို့ရတဲ့ ဖန်ပုလင်း၊ ခွက်လေးတွေကနေ အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဖန်ပုလင်းလေးကို ရေသေချာဆေး၊ အခြောက်ခံထားပြီးတော့ အလယ်မှာ ဖယောင်းတိုင်လေးစိုက်လိုက်ရုံနဲ့ အလင်းမှိန်မှိန်လေးနဲ့ တောက်ပနေမယ့် မီးအိမ်လေးရသွားပါပြီ။ ဖန်ပုလင်းလေးတွေကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ်တာ၊ ပန်းလေးတွေနဲ့အလှဆင်တာမျိုးလုပ်နိုင်တဲ့အပြင် Eco-friendly ဖြစ်ပြီး အိမ်အတွင်း၊ အပြင်နေရာမရွေးထားလို့ရတဲ့ မီးအိမ်လေးတွေပဲဖြစ်ပါတယ်။

စက္ကူမီးပုံး

သီတင်းကျွတ်မှာ အများဆုံးမြင်တွေ့ရတာကတော့ စက္ကူမီးပုံးလေးတွေပဲဖြစ်ပါတယ်။ ဒီနှစ်သီတင်းကျွတ်မှာ ဆိုင်ကနေ ဝယ်မယ့်အစား ကိုယ်တိုင်စက္ကူမီးအိမ်လေးတွေ ဖန်တီးပြီး အလှဆင်ကြရအောင်။ အရင်ဆုံး ရောင်စုံစက္ကူ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ စက္ကူလေးတွေကို အရွယ်အစားညီအောင်ဖြတ်ပြီး ဝါးချောင်းလေးတွေမှာ မီးအိမ်ပုံစံဖြစ်အောင် ကော်နဲ့ကပ်ပေးရပါမယ်။ ပြီးရင်အလယ်မှာ ဖယောင်းတိုင်အသေးလေးကို သေချာလေးထည့်ပြီးမီးထွန်းညှိလိုက်ရုံပါပဲ။ မီးပုံးလေးအတွက် အလင်းပေါက်နိုင်တဲ့ ဖယောင်းစက္ကူလိုမျိုး စက္ကူအပါးသားလေးကို သုံးဖို့အကြံပြုလိုက်ပါတယ်။ 

ကိုယ်တိုင်လုပ် ဖယောင်းတိုင်ခွက် (Candle Holder) 

သစ်သား၊ Clay ရွှံ့နဲ့ ဝါးလိုမျိုး ပစ္စည်းလေးတွေကို အသုံးပြုပြီးတော့ သီတင်းကျွတ်နဲ့လိုက်ဖက်တဲ့ ထူးထူးခြားခြား Candle Holder  ဖယောင်းတိုင်ခံထွန်းစရာအောက်ခံခွက်လေးတွေကို ကိုယ်တိုင်ထွင်းပြီး ဖန်တီးလို့လည်းရတယ်နော်။ ဆေးရောင်စုံနဲ့ စိတ်ကြိုက်ဒီဇိုင်းပုံထွင်းထားတဲ့ Candle Holder လေးတွေကတော့ သီတင်းကျွတ်မှာ အများနဲ့မတူထူးခြားနေမှာအမှန်ပါပဲ။

ရေပေါ်မီးအိမ်

ရေပေါ်မီးအိမ်လေးတွေဟာလည်း သီတင်းကျွတ်အတွက် စိတ်ကျေနပ်စရာဖန်တီးမှုတစ်ခုဖြစ်စေမှာပါ။ ပထမဆုံး သစ်သားစလေးကို ဖောင်ပုံစံအရင်လုပ်ဖို့လိုပါတယ်။ ပြီးရင် သစ်သားဖောင်သေးသေးလေးရဲ့ အလယ်မှာ ဖယောင်းတိုင်စိုက်ပြီးတော့ ဘေးကနေ ရောင်စုံဆီစိမ်စက္ကူလေးကို ပတ်ပတ်လည် ကော်နဲ့သေချာပတ်ပေးရပါမယ်။ နောက်ပြီးရင်တော့ ဖယောင်းတိုင်မီးညှိပြီး ရေဖြည့်ထားတဲ့ ကန်ထဲကို အသာအယာမျောပေးလိုက်ရုံနဲ့ လှပတဲ့ရေပေါ်မီးအိမ်လေးကို တွေ့မြင်ရမှာပါ။ တစ်ခါမှမလုပ်ဖူးသေးရင် စမ်းလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ 

ရောင်စုံဖယောင်းတိုင်ခံခွက်

ကိုယ်ပိုင်အနုပညာဆန်ဆန်ဖန်တီးချင်တဲ့လူတွေအတွက် စိတ်ကြိုက်လက်နဲ့ခြယ်သနိုင်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ အခရိုင်လစ်ဆေးရောင်စုံနဲ့ ပန်းကန်ပြားလေးတွေပဲ လိုအပ်ပါတယ်။ ဆေးရောင်စုံတွေကနေတစ်ဆင့် ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ပန်းကန်ပြားလေးတွေပေါ်မှာ ထင်ဟပ်လိုက်တဲ့အခါ လှပပြီး အနုပညာဆန်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးတွေက သီတင်းကျွတ်ကို ပိုမိုပြီးပြည့်စုံသွားစေမှာပါ။ 

ဆီမီးခွက်

အားလုံးသိတဲ့အတိုင်း သီတင်းကျွတ်မှာ ဆီမီးခွက်ကတော့ ဂန္တဝင်ဆန်တဲ့အလှဆင်မှုပါပဲ။ ကိုယ့်အိမ်မှာ အလှဆင်ဖို့ ဆီမီးခွက်တွေကို ဆိုင်ကနေဝယ်ယူမယ့်အစား မြေခွက်၊ မီးစာနဲ့ ဆီ အနည်းငယ်သုံးပြီး ကိုယ်တိုင် အလွယ်တကူဖန်တီးလို့ရတယ်နော်။ ပထမဆုံး ဆီမီးခွက်လုပ်ဖို့ မြေခွက်လေးတွေ လိုအပ်သလောက်ကြိုစုထားဖို့လိုပါတယ်။ ပြီးရင် မြေခွက်တစ်ခုချင်းစီကို ဆီနဲ့မီးစာ လိုအပ်သလောက်ဖြည့်ပြီး မီးထွန်းညှိလိုက်ရုံပါပဲ။ ဒီနှစ်သီတင်းကျွတ် အိမ်ခြံဝင်းနဲ့ ဝရံတာတွေမှာ ဆီမီးခွက်ရဲ့ မီးရောင်လဲ့လဲ့လေးတွေနဲ့အလှဆင်ဖို့ မမေ့နဲ့နော်။ 

မီးပုံးပျံ 

သီတင်းကျွတ်မှာ မီးပုံးပျံလွှတ်ရတာမကြိုက်တဲ့ မရှိပါဘူး။ ဒါပေမယ့် မီးပုံးပျံတစ်ခုဖန်တီးဖို့ဆိုရင် သေချာအသေးစိတ် ဂရုတစိုက်ရှိမှာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းစက္ကူ၊ ဝါယာကြိုးခွေအသေး၊ တစ်ရှူးစက္ကူ၊ တိပ်နဲ့ ဖယောင်းရည် အနည်းငယ်တို့ပဲဖြစ်ပါတယ်။ 

ပထမဆုံး ဖယောင်းစက္ကူတွေကို စိတ်ကြိုက်အရွယ်အစားညီညီဖြတ်တောက် ကော်ကပ်ပြီး ဆလင်ဒါ စက်လုံးပုံစံ ပုံဖော်လိုက်ပါ။ ဖယောင်းစက္ကူနဲ့လုပ်ထားတဲ့ ဆလင်ဒါ စက်လုံးရဲ့အပေါ်ဖက်အဝကို အိတ်ပုံစံဖြစ်အောင် ဖယောင်းစက္ကူနဲ့ပိတ်လိုက်ပါ။  မီးစာချိတ်ဖို့ ဝိုင်ယာကြိုးအသေးနှစ်ချောင်းကို ကွင်းပုံစံပြုလုပ်ပါ။ ဝါယာကြိုးကွင်းတွေကို ကြက်ခြေခတ်ပုံစံထားကာ စက်လုံးရဲ့ ပွင့်နေတဲ့ အောက်ခြေအဝမှာ တိပ်နဲ့ကပ်ပါ။ အဲဒီနောက် တစ်ရှူးစက္ကူကို လိုအပ်သလောက် ဖယောင်းရည်နဲ့စိမ်ပြီး ဆလင်ဒါ စက်လုံးအောက်ခြေက ဝိုင်ယာကြိုးနှစ်ခုဆုံတဲ့ ကြက်ခြေခတ်နေရာမှာ ချည်လိုက်ပါ။ နောက်ဆုံး ဖယောင်းရည်နဲ့စိမ်ထားတဲ့မီးစာကို မီးထွန်းညှိပြီး ကိုယ်စိတ်ကြိုက်ဆုတောင်းစကားတွေနဲ့အတူ ကောင်းကင်ပေါ်ကိုလွှတ်တင်လို့ရပါပြီ။ ဒီနည်းလမ်းအတိုင်း မီးပုံးပျံအသေးပြုလုပ်ပြီး အလှချိတ်ဆွဲထားလို့လည်းရပါတယ်။ 

အားလုံးပဲ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။


Share

Comments

Wah Wah

တတ်သည့်ပညာမနေသာလေ့လာအသုံးချတတ်ရမည်။

Anonymous

သီတင်းကျွတ်ဆိုတာနဲ့ ရောင်စုံမီးပုံးလှလှလေးတွေ နဲ့ အိမ်ရှေ့မှာအလှဆင်ပြီးချိတ်ဆွဲကြတာမြန်မာလူမျိုးတီု့ရဲ့ချစ်စရာ ရိုးရာဓလေ့တစ်ခုပါ အိမ်မှာတော့စက္ကူမီးပုံးလှလှလေးတွေရယ် ဖယောင်းတိုင်းလေးရယ်ထွန်းပြီးသီတင်းကျွတ်ကိုနှစ်စဥ်ကြိုဆိုဖြစ်တယ်

Anonymous

မီးပုံးလေးတေကိုပိုက်ဆံမကုန်ဘဲအလွယ်ကူဆုံးနဲ့လှလှလေးတေလုက်လို့ရတေကျေးဇူးပါthe good life yay

Su paing paing

မီးပုံးလေတေကိုလှလှပ ပနဲ့ငွေကုန်ကြေးကြ သက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတေမျှဝေပေးလို့ကျေးဇူးပါ

Anonymous

သီတင်းကျွတ်တုန်းကမီးပုံးလေးတွေကိုကိုယ်တိုင်လုပ်ပြီးထွန်းဖြစ်တာတောင်သတိရသွားတယ်😍😍ခုလိုလုပ်နည်းအဆင့်အဆင့်သင်ပြမှုကြောင်မီးပုံမလုပ်တတ်တဲ့သူတွေအတွက်အများကြီးအထောက်အကူပြုအောင်လုပ်ပေးတဲ့The good life ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်😍😍

Moe Moe Aye

သီတင်းကျွတ်ရောက်တိုင်းမီးပုံလေးတွေကိုယ်တိုင်လုပ်ပြီးပူဇော်ဖြစ်တယ်ကိုယ်တိုင်ပြုလုပ်ထားတဲ့အရာမို့ပူဇော်နေတုန်းပီတိအရမ်းဖြစ်ရပါတယ်😍😍ခုဆိုThe good life ကြောင့်ဘာမှမလုပ်တတ်တဲ့သူတွေလည်းအထောက်အကူဖြစ်မယ်ဆိုတာယုံကြည်တယ်ဘာလို့လည်းဆိုတော့မီးပုံလုပ်နည်းအဆင့်ဆင့်သင်ပြထားတဲ့The good life ကြောင့်လေ😍😍

ကိုသန့်ဇင်ထွန်း

မီးပုံးလှလှလေးတွေဝယ်ပေးဖို့ အဖေ့ကိုပူဆာ အမေနဲ့ လူကြီးတွေကို လိုက်ကန်တော့ဖို့ ပစ္စည်းတွေဝယ်ယူတာတွေ။ လမ်းတွေမီးတွေထွန်းဖို့ ပြင်ဆင်တာတွေက တသက်စာ အမှတ်တရလေးတွေပါဘဲ

Ve Vee

ဒီဆောင်းပါးလေးကို တန်ဆောင်တိုင်ပွဲတော်အမှီဖတ်ခွင့်ရတာ သိပ်ကိုအကျိုးရှိတယ် တန်ဆောင်တိုင်မီးထွန်းပွဲမှာ တူလေးတူမလေးတွေနဲ့အတူတူ DIY မီးပုံးလေးတွေကိုယ်တိုင်လုပ်ပီး အမှတ်တရဖန်တီးမယ် နောက်နှစ်ပေါင်းများစွာအမှတ်တရဖြစ်အောင်လို့လေ ချစ်တဲ့သူတွေနဲ့အတူတူ သဘောကျလိုက်တာရှင့် အကောင်ထည်ဖော်ရမယ်

Ame Chaw

စက္ကူမီးပုံးလေးတွေကို သမီးလေးနဲ့အတူ ဖန်တီးရတာ ဘဝရဲ့ ပျော်ရွှင်ခြင်းအနုပညာပါ.. ကိုယ်ပိုင်ဒီဇိုင်းလေးတွေဖန်တီးပြီး သီတင်းကျွတ်မှာမှာ မီးပူဇော်ရတာ ရိုးရာဓလေ့ကိုလည်းထိမ်းသိမ်းပြီးသားဖြစ်ပြီး အနာဂတ်လူငယ်လေးတွေလည်း တီထွင်ဖန်တီးနိုင်စွမ်းရှိလာတယ်

Ame Chaw

စက္ကူမီးပုံးလေးတွေ ကို သမီးလေးနဲ့အတူဖန်တီးပြီး သီတင်းကျွတ်ပွဲဆင်နွှဲရတာ ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်တွေပါဘဲရှင်

kyawt kyawt

သီတင်းကျွတ်မရောက်ခင်ကိုယ်အိမ်ကိုပိုက်ဆံမကုန်ဘဲရှိတာနဲ့အလှဆင်ဖို့မီးပုံးလုပ်ရတာပျော်စရာကောင်းတယ်

Linn San

eco friendly ဖြစ်အောင် အိမ်က ဖန်ပုလင်းအလွတ်တွေနဲ့ အလှဆင်မယ် indoor plant လေးတွေစိုက်မယ် အကျိုးရှိလို့ ဖတ်ရတာ တန်ပါတယ်ရှင့်။

Related Posts