
ပြည့်စုံကျန်းမာတဲ့ အိပ်စက်ခြင်းရဖို့အတွက် အချိန်ဘယ်လောက်ကြာ အိပ်ချိန်ရှိသင့်တယ်၊ ဘယ်လိုတည်ငြိမ်တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အိပ်စက်သင့်တယ် စတာတွေကိုပဲ ဦးစားပေး လေ့လာပြီး လုပ်ဆောင်တတ်ကြပါတယ်။ ဒါတွေနဲ့အတူ အိပ်ချိန်မှာ မရှိမဖြစ် အသုံးပြုနေရတဲ့ ခေါင်းအုံးတစ်လုံးရဲ့ သန့်ရှင်းကျန်းမာရေးကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ အိပ်စက်ချိန်မှာ သက်တောင့်သက်သာရှိနေဖို့အပြင် ခေါင်းနဲ့လည်ပင်း အနေအထားမှန်နေဖို့အတွက် အရည်အသွေးကောင်းပြီး သန့်ရှင်းသစ်လွင်နေတဲ့ ခေါင်းအုံးတစ်လုံးကိုတော့ ဇိမ်ခံဖို့သပ်သပ်အတွက် မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ မှန်ကန်တဲ့ရွေးချယ်မှုအနေနဲ့ သေချာပေါက် ရင်းနှီးမြှုပ်နှံသင့်တာပါ။
ဒီဆောင်းပါးထဲမှာတော့ ခေါင်းအုံးကောင်းကောင်းအသုံးပြုခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ နှစ်အတော်တန်ကြာ သုံးနေတဲ့ ခေါင်းအုံးအဟောင်းတွေ၊ အရည်အသွေးမကောင်းတဲ့ ခေါင်းအုံးတွေ အသုံးပြုတာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်လိုအခြေအနေတွေမှာ ခေါင်းအုံးတွေကို အသစ်လဲလှယ် အသုံးပြုသင့်လဲ ဆိုတာတွေပါ ပြောပြသွားမှာမို့ ဆက်ဖတ်လိုက်ရအောင်။

ခေါင်းအုံးကောင်းကောင်း ရှိခြင်းရဲ့ အကျိုးကျေးဇူး
ပျော့လွန်း၊ မာလွန်းတဲ့ ခေါင်းအုံးတွေက အိပ်စက်ချိန်မှာ သက်တောင့်သက်သာ မဖြစ်စေတဲ့အပြင် အသုံးပြုတာ နှစ်ကြာပြီဖြစ်တဲ့ ခေါင်းအုံးတွေကလည်း ဖုန်တွေ၊ ပိုးမွှားတွေကို ကြာလေ စုပ်ယူလေ ဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အိပ်စက်ချိန်မှာ ဦးခေါင်း၊ လည်ပင်းနဲ့ ပုခုံးတွေကို သက်တောင့်သက်သာဖြစ်အောင်လို့ဆို အရည်အသွေးကောင်းတဲ့ ခေါင်းအုံးတွေကသာ အထောက်အပံ့ကောင်းပေးနိုင်မှာပါ။ ဒါတွေက ဇက်နာတာ၊ အုံးလွဲတာ၊ အနေအထားမှားတာကနေ နာတာရှည်ခေါင်းကိုက်တာတွေလည်း မဖြစ်အောင်လို့ ကာကွယ်ပေးနိုင်ပါတယ်။
- လည်ပင်းမှာ ရှိနေတဲ့ဖိအားတွေကို လျော့ချပေးပြီး ကျောရိုးအတွက်လည်း တည့်မတ်ကျန်းမာအောင် ဆောင်ရွက်ပေးလို့ ခါးနာတာတွေလည်း သက်သာစေတယ်။
- ပုခုံးနဲ့ လည်ပင်းက ကြွက်သားတွေ တောင့်တင်းနာကျင်တာကို လျော့ချပေးပြီး အထောက်အပံ့ကောင်းကောင်း ပေးပါတယ်
- အိပ်ချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ပံ့ပိုးကူညီပေးတာမို့ ဟောက်တာတွေကိုလည်း လျော့ချပေးနိုင်တယ်။
- ကိုယ်ခန္ဓာက သက်တောင့်သက်သာရှိနေတာကြောင့် မြန်မြန်အိပ်ပျော်ဖို့ကို အထောက်အကူပြုတဲ့အတွက် အိပ်ရေးမပျက်စေတော့ဘဲ လူရောစိတ်ရော ကျန်းမာလန်းဆန်းစေတယ်။

ခေါင်းအုံးအသစ်လဲသင့်တဲ့ အခြေအနေ
ပုံမှန်အားဖြင့် ခေါင်းအုံးတစ်လုံးကို ၁နှစ်ကနေ အများဆုံး ၂နှစ်အထိပဲ အသုံးပြုသင့်ပြီး ဝယ်ယူထားတဲ့ ခေါင်းအုံးအမျိုးအစားလိုက် ကွာခြားနိုင်ပါသေးတယ်။ စျေးကွက်ထဲမှာတော့ Orthopedic Pillowနဲ့ Cotton Bud Pillow အမျိုးအစားတွေက ရွေးချယ်အသင့်ဆုံး ခေါင်းအုံးအမျိုးအစားတွေထဲမှာ ပါဝင်တာပါ။ ခေါင်းအုံးအသစ်လဲသင့်ပြီဆို
- မနက် အိပ်ရာထချိန်မှာ ကျောတွေ၊ ခါးတွေနာတာ
- တစ်ခါတစ်လေ နှာပိတ်တာ၊ နှာချေတာတွေ ဖြစ်တတ်တာ
- ခေါင်းအုံးပုံသဏ္ဌာန်မမှန်ဘဲ မညီညာဖြစ်လာတာ
- အညိုကွက်တွေ၊ အစွန်းအထင်းတွေ ဖြစ်လာပြီး အနံ့အသက်မကောင်းတော့တာဆို အသစ်လဲလှယ်ဖို့ signပြနေပါပြီ။
မှိုအန္တရာယ်ကာကွယ်ဖို့အတွက် ခေါင်းအုံးတွေကို စိုစွတ်တဲ့ပတ်ဝန်းကျင်မှာ မထားဖို့လိုပြီး ခေါင်းအုံးစွပ်တွေကိုလည်း မကြာခဏလဲလှယ်ကာ နေရောင်ကောင်းကောင်းရတဲ့နေရာ နေလှန်းပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ခေါင်းအုံးတွေဟာ အိပ်စက်ခြင်းမှာ သက်တောင့်သက်သာရှိစေရုံတင်မဟုတ်ဘဲ ကျန်းမာရေးအရလည်း မရှိမဖြစ်အရေးပါတဲ့ အသုံးအဆောင်တစ်ခုပါ။ ညတိုင်းမှာ မှန်ကန်တဲ့ခေါင်းအုံးနဲ့ ပုံမှန်လဲလှယ်ထားတဲ့ ခေါင်းအုံးတွေ အသုံးပြုအိပ်စက်မယ်ဆို မနက်အိပ်ရာထတိုင်းမှာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းကျန်းမာမာရှိစေမှာ အသေအချာပါပဲ။ ဒီတော့ နှစ်တွေအကြာကြီး ခေါင်းအုံးတစ်ခုကို အသုံးပြုနေခဲ့မယ်ဆို အခုချိန်က သင့်ကျန်းမာရေးကို အထောက်အကူပြုပြီး ကောင်းကောင်းအိပ်ပျော်စေမယ့် အရည်အသွေးကောင်းတဲ့ ခေါင်းအုံးတစ်ခုကို လဲလှယ်လိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲနော်။
Comments