
တစ်မိုးအောက်ထဲ နေထိုင်ကြတဲ့ ဖိုးဖိုးဖွားဖွား၊ ဖေဖေမေမေတို့နဲ့ သားသားမီးမီးတို့ပါ မကျန် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေစေဖို့က အရာအားလုံးထက် အမြဲဦးစားပေးပါပဲနော်။ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးဖြစ်တာမို့ ချစ်ရသူတွေနဲ့ အတူမရှိနေသည့်တိုင် အချင်းချင်းစောင့်ရှောက်ကူညီနိုင်ဖို့ အရေးပေါ် လိုအပ်လာတတ်တဲ့ ဆေးဝါးအကူအညီတွေကတော့ အနားမှာ ရှိထား၊ ဆောင်ထားဖို့ လိုအပ်ပါတယ်။ ပြင်းပြင်းထန်ထန် ရောဂါနဲ့ ကြီးကြီးမားမား ဒဏ်ရာဒဏ်ချက်တွေက လွဲရင် ဖြစ်လာနိုင်တဲ့ အသေးအမွှား ဖျားနာတာနဲ့ ကိုက်ခဲနာကျင်တာတွေအတွက် ကိုယ့်အိမ်မှာပဲ တစ်နိုင်တစ်ပိုင် သက်သာအောင် ကုသပေးနိုင်တဲ့ ဆေးဝါးအထောက်အပံ့ကတော့ အမြဲတမ်းရှိနေဖို့ အရေးကြီးတာပါ။ ဒီတော့ တစ်အိမ်သားလုံးအတွက် အကူအညီကောင်း ဖြစ်စေမယ့် ဆေးဝါးအစုံအလင်ကို လိုအပ်မှ ပြေးဝယ်မနေရအောင် ဒီဆောင်းပါးလေးကနေ အသက်အရွယ်အလိုက် တစ်စုတစ်စည်းထဲ ဖော်ပြပေးလိုက်တယ်နော်။

သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့
- ကိုက်ခဲနာကျင်တာတွေအတွက် Paracetamol နဲ့ အအေးမိဖျားနာပျောက်ဆေးတွေ၊
- ရေဓာတ်ကုန်ခမ်းတာနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေအတွက် ဓာတ်ဆားထုပ်တွေ
- ကိုယ်ခံအားကောင်းစေဖို့အတွက် ကြက်ပေါင်းရည်၊ ငှက်သိုက်တို့အပြင် မကျည်းသီး၊ ဂျင်းနဲ့ လက်ဖက်စိမ်းတို့ကို အိမ်တွင်းကုထုံးအနေနဲ့ အသုံးချနိုင်ပါသေးတယ်။
မတော်တဆ ထိခိုက်ရှရာလေးတွေအတွက်
- ပိုးသတ်ဆေး၊ ပလတ်စတာ၊ ဂွမ်းနဲ့ လိမ်းဆေးတွေနဲ့
- အပူလောင်တာတွေ၊ ကိုယ်ပူတာတွေအတွက် Cooling patches လေးတွေလည်း ဆောင်ထားနိုင်ပါတယ်။
အစာခြေစနစ်ကောင်းမွန်ဖို့ဆို
- လေပွတာ၊ အစာမကြေတာတို့အတွက် Herbal oilsနဲ့ အစာကြေဆေး အမျိုးမျိုးတို့ကို အရည်အသွေးပိုင်း ယုံကြည်စိတ်ချရတဲ့ ဆေးဆိုင်တွေမှာ မေးမြန်းဝယ်ယူထားသင့်ပါတယ်။

အသက်အရွယ်ရ လူကြီးတွေမှာ ဖြစ်တတ်တဲ့ အရိုးအဆစ်နဲ့ ကြွက်သားနာကျင်မှုတွေအတွက် ပြည်တွင်းပြည်ပကထုတ်တဲ့ ဒဏ်ကြေလိမ်းဆေးတွေ၊ အအေးကပ်ခွာ၊ အပူကပ်ခွာတွေအပြင် နေ့တိုင်းစောင့်ကြည့်လေ့လာသင့်တဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာတွေပါ ဆောင်ထားသင့်တာပါ။ ဒီ့အပြင် နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ဆေးဝါးတွေနဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာနေဖို့တွေက လူကြီးတွေမှာ အရေးကြီးဆုံးဖြစ်လို့ ဒါတွေကို လေ့လာစောင့်ကြည့်နိုင်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ဆောင်ထားသင့်ပါတယ်။
ကလေးငယ်တွေအတွက်ဆို ကိုယ်အပူချိန်တိုင်းတာဖို့ သာမိုမီတာ၊ ကိုယ်ပူကျဆေးနဲ့ ဆေးပစ္စည်းတွေအပြင် အပူဒဏ်ကြောင့် အသားလောင်တာတွေအတွက် လိမ်းဆေးအပျော့လေးတွေနဲ့ ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ အဖျားကျဆေးတို့ကို ဝယ်ယူထားသင့်ပါတယ်။ အနာကပ် ပလတ်စတာတွေ၊ ပိုးသတ်ဆေးပျော့တွေအပြင် လူလတ်ပိုင်းတွေအတွက်ကတော့ အကိုက်အခဲပျောက်ဆေး၊ အအေးမိ၊ချောင်းဆိုးပျောက်ဆေးနဲ့ ထိခိုက်ရှနာတွေအတွက် အသုံးပြုပစ္စည်းတွေကို ဆောင်ထားဝယ်ထားဖို့ အလိုအပ်ဆုံးပါပဲ။
ဒီလိုဆေးပစ္စည်းလေးတွေကို အိမ်သားတိုင်းအတွက် ဆောင်ထားဝယ်ထားမယ်ဆို အချိန်အခါမရွေး ဖြစ်လာတတ်တဲ့ မတော်တဆလေးတွေနဲ့ နာကျင်ကိုက်ခဲမှုတွေကို ဆေးရုံဆေးခန်းတွေအထိ သွားစရာမလိုဘဲ ကြိုတင်ကာကွယ်ထားနိုင်တာပေါ့။ တစ်ခု အရေးကြီးတာကတော့ ဒီလိုဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ယုံကြည်စိတ်ချရတဲ့ ဆေးဆိုင်တွေနဲ့ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ရယူကာ မေးမြန်းစုံစမ်းဝယ်ယူပြီး သက်တမ်းလွန်ရက်တွေကိုလည်း စစ်ဆေးသောက်သုံးဖို့ လိုအပ်ပါတယ်။
Comments