ငလျင်လှုပ်တဲ့အခါ ဘေးကင်းနိုင်ဖို့

Posted in လူမှုဘဝ


ငလျင်ဆိုတာ မုန်တိုင်း၊ ရေကြီးတာ၊ ဆူနာမီ၊ လေဆင်နှာမောင်း စတာတွေလို ကြိုတင်ခန့်မှန်းလို့ရတဲ့ သဘာဝဘေးအန္တရာယ် အမျိုးအစား မဟုတ်ပါဘူး။ ဒါကြောင့် ရုတ်တရက် ငလျင်လှုပ်တဲ့အခါ သတိကပ်ပြီး မြန်မြန်တုံ့ပြန်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ငလျင်နဲ့ကြုံတွေ့ရတဲ့အခါ အန္တရာယ်ကင်းဝေးစေဖို့ သိထားရမယ့်အချက်များကို စုစည်းဖော်ပြလိုက်ပါတယ်။

ငလျင်ဆိုတာ 

ကမ္ဘာ့မြေမျက်နှာပြင် အပေါ်ယံလွှာဟာ အခွံအက်နေတဲ့ ကြက်ဥတစ်လုံးလို အက်ကြောင်းတွေ အများကြီးနဲ့ပါ။ အဲ့ဒီအက်ကြောင်းတွေ ဆုံတဲ့နေရာမှာ အက်ကြောင်းအချင်းချင်း ပွတ်တိုက်ကြတဲ့အခါ မြေကြီးက ရုတ်တရက် အလျင်အမြန်လှုပ်ခတ်လာခြင်းကို ငလျင်လှုပ်တယ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ငလျင်ဆိုတာ ဘယ်နေရာမှာမဆို အချိန်မရွေးဖြစ်ပွားနိုင်ပေမယ့် အက်ကြောင်း နှစ်ခုဆုံတဲ့ ပြတ်ရွေ့ နေရာတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ မြန်မာနိုင်ငံကလည်း စစ်ကိုင်းပြတ်ရွေ့ကြောလို ကြီးမားရှည် လျားတဲ့ ပြတ်ရွေ့ကြောကြီး တစ်ခုပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ငလျင်က အချိန်မရွေးဖြစ်ပေါ် နိုင်ပြီး ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ အားပြင်းတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးတဲ့နောက်မှာတော့ အင်အားပိုနည်းတဲ့ ငလျင်ငယ်တွေ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်တတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလို့ ခေါ်ဆိုကြပါတယ်။

ငလျင်မလှုပ်ခင် ကြိုတင်ပြင်ဆင် 

ကိုယ်နေတဲ့ နေရာဒေသဟာ ငလျင်အပါအဝင်အခြားသော သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်ခြေရှိတဲ့ ဒေသဆိုပါက အောက်ပါအချက်တွေကို ကြိုတင် ပြင်ဆင်ထားခြင်းအားဖြင့် လက်တွေ့ဖြစ်လာတဲ့အခါ အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။

  • လမ်းကြောင်းများ ကြိုပြင်ဆင်ခြင်း။    ။ မိမိနေအိမ်၊ အလုပ်၊ ကလေးများ၏ကျောင်း၊ မကြာခဏ သွားရောက်လေ့ရှိတဲ့ နေရာများ စတာတွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ လမ်း‌ကြောင်းတွေကို ကြိုတင်ကြည့်ထား၊ ပြင်ဆင်ထားဖို့ လိုပါတယ်။ သဘာဝဘေးတွေကြောင့် ကစဥ့်ကလျားဖြစ်နေတဲ့ အခြေအနေမှာ အင်တာနက်နဲ့ Google map စတာတွေကို အားကိုးလို့ မရနိုင်တာကြောင့် ရွှေ့ပြောင်းနိုင်တဲ့ ထွက်ပေါက်တွေ၊ လမ်းကြောင်းတွေကို မြေပုံဆွဲပြီး print ထုတ်ထားဖို့ အကြံပေးချင်ပါတယ်။ မိသားစုဝင်တွေ လူစုကွဲသွားရင် ဘယ်နေရာမှာ ပြန်ဆုံကြမလဲဆိုတဲ့ ဆုံရပ်တွေကိုပါ ကြိုတင်သတ်မှတ်ထားဖို့ လိုပါတယ်။
  • ဖုန်းနံပါတ်များ။    ။ မိသားစုဝင်တွေနဲ့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ မိတ်ဆွေတွေနဲ့ ကူညီရေးအသင်းအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေကိုပါ ချရေးထားပြီး အရေး‌ပေါ် အိတ်ထဲ ထည့်ထားပါ။
  • အရေးပေါ်အိတ်။    ။ အနည်းဆုံးသုံးရက်စာ အစာခြောက်နဲ့ ရေ၊ ဆေးဝါး၊ အဝတ်အစား၊ မီးခြစ်၊ ဓာတ်မီး၊ ရှေးဦးသူနာပြုပစ္စည်း၊ အဝတ်အစား၊ ပါဝါဘဏ်၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံ တင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ၊ ငွေသား စတာတွေ ထည့်ထားတဲ့ အိတ်တစ်လုံး ပြင်ဆင်ထားပါ။
  • အစမ်းလေ့ကျင့်ပါ။    ။ မိသားစုဝင်များ၊ ကလေးများနဲ့အတူတူ အရေးပေါ်အစီအစဥ်ကို ကြိုတင်လေ့ကျင့်ပါ။ တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် လေ့ကျင့်နိုင်လျှင် ကောင်းပါတယ်။ မိသားစုအရေး‌ပေါ်အစီအစဥ်ကို ကလေးတွေနားလည်သလား၊ သူတို့ဘာတွေ မေးချင်သလဲနဲ့ ကလေးများရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်နှစ်သိမ့်ပေးပြီး သေချာရှင်းပြထားပါ။

ငလျင်လှုပ်နေစဥ် ဘယ်လိုနေရမလဲ 

ငလျင်လှုပ်နေစဥ် အိမ်ထဲ၊ အဆောက်အဦးထဲမှာဆိုရင်

  • ထိုင်ချပါ။    ။ ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်ပါ။ စားပွဲအောက်မှာနေတာ၊ ခိုင်ခံ့တဲ့ ပရိဘောဂတွေကို ကိုင်ထား ပြီး အကာအကွယ်ယူထားတာမျိုး ပြုလုပ်ပါ။
  • ကာထားပါ။    ။ မျက်နှာကျက်ပြိုကျတာ၊ ပစ္စည်းတွေပြုတ်ကျတာတွေကြောင့် ထိခိုက်မှုကို ကာကွယ်ဖို့ ဦးခေါင်းနဲ့လည်ပင်းကို လက်နှစ်ဖက်လုံးနဲ့ ကာထားပါ။ ပြတင်းပေါက်မှန်တွေ ကွဲပြီး ထိခိုက်တာကိုရှောင်ဖို့ ပြတင်းပေါက်နဲ့ ဝေးဝေးမှာနေပါ။
  • ကိုင်ထားပါ။    ။ ငလျင်အရှိန်ကြောင့် မူးဝေပြီး လဲသွားနိုင်တာကြောင့် ကိုယ့်ဘေးနားက ခိုင်ခံ့တဲ့ အရာဝတ္ထုတစ်ခုခုကို ငလျင်မရပ်မချင်း ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းထားပါ။ ငလျင်တွေက ၁၀ စက္ကန့်ကနေ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်တာကြောင့် ကြာလာလေ ပိုမူးဝေယိမ်းထိုးလာလေ ဖြစ်နိုင်လို့ပါ။

ငလျင်လှုပ်နေစဥ် အပြင်မှာဆိုရင်

အဆောက်အဦး၊ သစ်ပင်၊ ဓာတ်တိုင်၊ လျှစ်စစ်ကေဘယ်ကြိုးတွေနဲ့ ဝေးရာကွင်းပြင်ကို ရောက်အောင်သွားပါ။ ကွင်းပြင်ရောက်ပါက မြေပေါ်ဝပ်ချပြီး ငလျင်ရပ်သွားတဲ့အထိ နေပါ။

ကား၊ ရထားပေါ်မှာ ဆိုရင်

အများသုံးဘတ်စ်ကား၊ ရထားပေါ်မှာ ရောက်နေတဲ့သူတွေက ကားထဲမှာ ဆက်နေပြီး အိမ်ထဲမှာဆို ဘာလုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါတယ်။ ကိုယ်ပိုင်ကား၊ အငှားယာဥ်တွေကတော့ ငလျင်လှုပ်နေစဥ် ဘေးကင်းအောင် တတ်နိုင်သမျှ အမြန်ကားကိုရပ်ပါ။ တုန်ခါမှုမရပ်မချင်း ခါးပတ်ကို ပတ်ထားပါ။

ငလျင်လှုပ်ပြီးနောက် ဘာလုပ်ရမလဲ 

ဘေးလွတ်ရာ ရှောင်တိမ်းပါ။    ။ ကိုယ့်ပတ်ဝန်းကျင်မှာ ပြိုကျနေတဲ့အရာဝတ္ထုတွေ၊ မှန်ကွဲစတွေ ရှိမရှိ စစ်ဆေးပါ။ ကိုယ်ရောက်နေတဲ့ အဆောက်အဦး၊ အိမ်က အက်ကွဲပြိုကျနေရင် အိမ်ထဲကအမြန်ထွက်ပါ။ ‌ဘေးလွတ်ရာသို့ သွားပါ။ ဓာတ်လှေကားက ပျက်စီးနေနိုင်တဲ့အတွက် ဓာတ်လှေကား အသုံးမပြုပါနဲ့။

ပိတ်မိနေတယ်ဆိုရင်။    ။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်ဆိုရင် ဖုန်တွေ အဆုတ်ထဲမဝင်စေဖို့ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပါ။ အောက်စီဂျင်နဲ့ အင်အားကို ခြွေတာနိုင်ဖို့ အော်ဟစ် အကူအညီတောင်းတာ တစ်ခုထဲမဟုတ်ဘဲ ကိုယ့်ဘေးနားက နံရံသို့၊ ပိုက်လိုင်းကို စည်းချက်ညီညီ ထုရိုက်ပြီး အချက်ပြပါ။ ကိုယ့်လက်ထဲမှာ ဖုန်းရှိသေးရင် စာတိုပို့ပြီး အကူအညီတောင်းပါ။ ဖုန်းအားကို ချွေတာသုံးပါ။

အကူအညီတောင်းပါ။    ။ ဒေသတွင်းသတင်းတွေကို မျက်ခြေမပြတ် နားထောင်ပါ။ သောက်ရေသန့်နဲ့ လိုအပ်တဲ့အစားအစာ၊ ဆေးဝါးများ ရရှိနိုင်တဲ့ ခိုလှုံရာနေရာတွေ၊ ကျန်းမာရေး ဆေးပေးခန်းတွေကို ဆက်သွယ်ပါ။ မိမိအခြေအနေကို မိသားစု၊ မိတ်ဆွေတွေဆီ အသိပေးပါ။ နေအိမ်မှ ထွက်ခွာရမယ့်အခြေအနေမှာ ဂတ်စ်ယိုစိမ့်မှုမရှိစေရန် သေချာပိတ်ခဲ့ပါ။

ငလျင်ဘေးကျရောက်ခံစားရတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု၊ အသက်ဆုံးရှုံးမှုတွေအထိ ထိခိုက်ခံစားကြရပါတယ်။ ငလျင်ကြီးရင် ကြီးသလို နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း များပြားကြာမြင့်လှပါတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေအတွက် မိမိကိုယ်ကိုယ် အပြစ်မတင်မိကြဖို့ အရေးကြီးပါတယ်။ အားလုံးအတူတူ ရှင်သန်သွားကြပါစို့နော်။


Share

Comments

Related Posts