
ငလျင်ဒဏ် ခံစားရပြီး နောက်ပိုင်းမှာ ချက်ချင်းမြင်တွေ့နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်တိုက်တာတွေပဲ ပျက်စီးဆုံးရှုံးခဲ့ရတာတင် မဟုတ်ဘဲ နောက်ဆက်တွဲမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကူးစက်ရောဂါတွေပါ ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်အတွက် သင့်တော်တဲ့ ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတဲ့ နေရာမျိုးတွေမှာဆို ကလေး၊ လူကြီးမရွေး ကူးစက်ရောဂါ အန္တရာယ်ရှိနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ ပိုးဝင်တာ၊ ဝမ်းရောဂါကူးစက်တာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာတွေက ကြီးမားပြင်းထန်တဲ့ ငလျင်ကြီးတွေရဲ့ နောက်ဆက်တွဲတွေပါပဲ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိသားစုတွေအတွက် ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် ကြိုတင်ဂရုပြုထားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရာတွေ
ပြိုကျပျက်စီးတဲ့ အဆောက်အအုံတွေကနေ ရှောင်ကြ၊ ပြေးကြတဲ့အခါ၊ အပျက်အစီးအောက် ပိမိပြီး ပြန်လည်လွတ်မြောက်လာတဲ့အခါ သို့ ပျက်စီးသွားတဲ့နေရာတွေကို လေ့လာပြုပြင်ကြတဲ့အခါတွေမှာ ထိခိုက်ရှရာတွေက အနည်းနဲ့အများ ဖြစ်တတ်ကြပြီး တချို့မှာတော့ ဇောနဲ့ ပြေးလွှားနေရတာတွေ၊ ပျောက်ဆုံးသူတွေ လိုက်လံ ရှာဖွေနေရတာတွေကြောင့် ကိုယ့်မှာ ရှိနေတဲ့ ဒဏ်ရာတွေကို ကုသဖို့ အလေးမထားမိတတ်ကြပါဘူး။ အပေါ်ကပြုတ်ကျလာတဲ့ ပစ္စည်းတွေနဲ့ အရာဝတ္ထုတွေ ဖိမိ၊ ပိမိတာတွေကနေ Crush Syndrome လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါက ငလျင်လှုပ်ပြီးအချိန် အပျက်အစီးများအောက်မှ နာရီပေါင်းများစွာ ရှိနေရာမှ ကယ်ဆယ်ခံရပြီးနောက် ခန္ဓာကိုယ်အတွင်း ကြွက်သားတွေ ဆဲလ်သေရာက အောက်ဆီဂျင်မရရှိတာ၊ ပျက်စီးထားတဲ့ သွေးကြောအတွင်းက အဆိပ်အတောက်တွေက ရုတ်တရက် ကိုယ်တွင်းမှာ သွေးပြန်လည် စီးဆင်းမှုကြောင့် ကျောက်ကပ်ပျက်စီးတာနဲ့ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။
နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ဖြစ်တာ၊ ပြတ်ရှဒဏ်ရာဖြစ်တာနဲ့ အရိုးကျိုးတာ အပြင် ဦးခေါင်းထိခိုက်နာကျင်တာ၊ ကျောရိုးမကြီး ထိခိုက်တာအထိ ဖြစ်တတ်ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာတွေ လျော့ချနိုင်အောင် ငလျင်ဒဏ်ကြောင့် အပျက်အစီးပုံ ဖြစ်နေတဲ့နေရာတွေမှာ ပစ္စည်းတွေ ဖယ်ရှားရှင်းလင်းကြပြီဆို ဖိနပ် သေချာစီးပြီး လက်အိတ် သေချာသုံးကာ နှာခေါင်းစည်း သေချာဝတ်ဆင်သင့်တာပါ။ အရေးပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာဖြစ်လာခဲ့ရင်လည်း ဆေးဘက်ဆိုင်ရာ ကုသမှု အရင်ဆုံးရနိုင်ဖို့ လိုပါတယ်။

ရေနဲ့ အစာအဆိပ်သင့်ခြင်းတွေ
ကျိုးပဲ့သွားတဲ့ ရေပိုက်လိုင်းတွေ၊ ပြန်လည်သန့်စင်ရာ စက်ရုံနဲ့ ပိုက်လိုင်းတွေက ငလျင်ကြောင့် ပျက်စီးသွားတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်ဝမ်းလျောနဲ့ တိုက်ဖိုက်ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ရေကောင်းရေသန့် မရရှိနိုင်တဲ့အခါ ကျိုချက်ပြီး သောက်တာ၊ ကလိုရင်းခတ်တာ၊ အလွယ်တကူယူဆောင်သွားနိုင်တဲ့ ရေစစ် (Filters) တွေ ဆောင်ထားနိုင်ဖို့ အရေးကြီးပြီး ရေကြီးရေလျှံထားတဲ့နေရာတွေ၊ အဆောက်အအုံ အပြိုအပျက်တွေနားက ရေအရင်းအမြစ်တွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။
အစားအစာအနေနဲ့လည်း ငလျင်ဘေးဒဏ်ကျရောက်ထားတဲ့ အခြေအနေမှာ ပျက်စီးသွားတဲ့ လယ်ကွင်းလယ်ကွက်တွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကြောင့် သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေမှာ ဒီလိုအခြေအနေကြောင့် ရှိသင့်တဲ့ ဗီတာမင်ဓာတ်တွေ ကုန်ခမ်းပြီး ကိုယ်ခံအားနည်းတာတွေ၊ အာဟာရပြတ်တောက်တာတွေ ကြုံတွေ့နိုင်တာမို့ မပေါ့ဆသင့်ပြန်ပါဘူး။ ဒီလိုဖြစ်လာပြီဆို ထိခိုက်ဒဏ်ရာတွေ သက်သာစေနိုင်တဲ့၊ ကိုယ်ခံအားတက်စေတဲ့၊ အားအင်ဖြစ်စေတဲ့ အစားအစာတွေ စားသောက်သင့်ပြီး ကောင်းကောင်းအနားယူနိုင်ဖို့ လိုပါတယ်။

ဖုန်မှုန့်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာတွေ
ငလျင်ဖြစ်တဲ့အချိန်မှာ ဓာတ်ငွေ့ယိုစိမ့်မှုတွေ၊ လျှပ်စစ်မီး ရှော့ခ်ဖြစ်တာတွေ၊ အဆောက်အအုံအပျက်အစီးတွေကနေ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေထွက်တာတွေကြောင့် မီးလောင်တာတွေအပြင် ဖုန်မှုန့်နဲ့ မီးခိုးမှုန်တွေ ရှူရှိုက်ရပါများလာလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ မီးလောင်ဒဏ်ရာတွေပါ ဖြစ်ပွားနိုင်ပါတယ်။ Allergic ရှိသူများနှင့် ပန်းနာရင်ကြပ်နဲ့ နှလုံးရောဂါရှိသူများ ပိုမိုသတိထားသင့်ပြီး ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါးတွေ မပြတ်လပ်သွားရအောင် ဂရုပြုသင့်ပြီး အရေးကြုံလာတဲ့အခါ သူတို့ကို ဦးစားပေးအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးသင့်တာပါ။ မဖြစ်မနေ ဖုန်မှုန့်ထူထပ်နေတဲ့နေရာတွေ သွားရမယ်ဆိုလည်း N95 mask တပ်ဆင်တာဖြစ်ဖြစ်၊ အဝတ်စ သန့်သန့်ဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို ကာထားဖို့ အကြံပြုချင်ပါတယ်။
ငလျင်မှ မဟုတ်ဘဲ ရေကြီးရေလျှံတတ်တဲ့ သဘာဝဘေးကြုံတွေ့နိုင်တဲ့အခါ မှိုအန္တရာယ်လည်း ရှိတာမို့ ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ခြောက်သွေ့အောင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေ
နေထိုင်ရာ အိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးသွားတဲ့အတွက် ယာယီနေရာတွေမှာ အဆင်ပြေသလို နေထိုင်ရပြီဆို ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေအတွက် လျော့တွက်ထားလို့ မရပြန်ပါဘူး။ တုပ်ကွေး၊ Covid 19၊ အသည်းရောင်အသားဝါရောဂါနဲ့ တခြားအရေပြားရောဂါတွေက အခုလိုအခြေအနေမှာ ကူးစက်နိုင်ဖို့ အမြင့်ဆုံးဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့အတူ လက်ကို မကြာခဏဆေးတာ၊ လူဦးရေထူထပ်တဲ့နေရာတွေမှာ Masksတပ်ဆင်တာနဲ့ အညစ်အကြေးတွေ စနစ်တကျ စွန့်ပစ်နိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေပါပဲ။ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာလည်း လေထဲမှ ပါဝင်နိုင်သည့် ရောဂါပိုးတွေနဲ့အတူ ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်ကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ခြေမြင့်မားတာကြောင့် သတိရှိရှိနဲ့ သန့်ရှင်းရေးကို ဦးစားပေးကာ ဘေးအန္တရာယ်ကင်းဖို့လည်း အရေးကြီးပါတယ်။ လူကြီးလူငယ်မရွေး ခြင်အန္တရာယ်လည်း ရှိသေးတာမို့ သွေးလွန်တုပ်ကွေးရောဂါတွေကနေ ကာကွယ်ထားနိုင်ဖို့ ခြင်ဆေးဖြန်းတာတွေ၊ ခြင်ထောင်တွေ ဝေမျှတာအပြင် ပတ်ဝန်းကျင်သန့်ရှင်းနေဖို့ အားလုံးအတူတကွ လုပ်ဆောင်သင့်ပါတယ်။
ဒီလိုရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာနဲ့ ကူးစက်ရောဂါတွေအပြင် ငလျင်ဒဏ်နဲ့ ဆုံးရှုံးခံစားရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပူပင်မှုတွေ၊ ပင်ပန်းမှုတွေ၊ ထိခိုက်ခံစားရတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ အချိန်အတော်ကြာ ကျန်ရှိနိုင်ပါတယ်။ အချင်းချင်းဖေးမကူညီကာ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲကျန်းမာရေးတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အကြုံပြုရင်း ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို အထိခိုက်နည်းစွာ ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။
Comments