နေ့စဉ်ဘဝမှာ လူမှုဆက်ဆံရေး ကောင်းမွန်စေဖို့

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


ငယ်စဉ်တုန်းကတော့ ကျောင်းမှာ သူငယ်ချင်းတွေဖြစ်ကြတယ်ဆိုတာက အတူတူစား၊ အတူတူကစားရင်း လွယ်လွယ်ကူကူပဲ ဖြစ်သွားလေ့ရှိကြတယ်မဟုတ်လား။ ရန်ဖြစ်ကြတယ်ဆိုရင်လည်း ခဏနဲ့ ပြန်တည့်ရင်လည်း တည့်ကြ၊ ဒါမှမဟုတ် ဒီတိုင်းပဲ မခေါ်ရင်လည်း မခေါ်ကြတော့တာလောက်ပါပဲ။ တစ်နည်းအားဖြင့် အင်မတန်ရိုးရှင်းတဲ့ လူမှုဆက်ဆံရေးတွေ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ အသက်အရွယ်တွေ ပြောင်းလာသလို ခေတ်တွေလည်း ပြောင်းလာတဲ့အခါမှာတော့ လူမှုဆက်ဆံရေးတွေက ငယ်ငယ်ကလောက် မရိုးရှင်းတော့ဘဲ တစ်ခါတလေမှာ ဝေခွဲရခက်တဲ့ ကိစ္စတွေ အများကြီး ကြုံတွေ့လာကြရတာကလည်း ဓမ္မတာပါပဲ။ အမြဲပြောင်းလဲနေတဲ့ အသက်အရွယ်၊ အလုပ်အကိုင်၊ နေရာအနေအထား၊ ခေတ်ကာလ စတာတွေနဲ့လည်း လိုက်လျောညီထွေဖြစ်အောင်၊ ကိုယ့်ရဲ့ဘဝ၊ ခံယူချက်တွေလည်း မထိခိုက်အောင် လူမှုဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

စိတ်ခံစားမှုကို သိရှိထိန်းချုပ်နိုင်စွမ်း သို့မဟုတ် Emotional Intelligence (EQ)

ဒီနေ့ခေတ် လူမှုဆက်ဆံရေးတည်ဆောက်ရာမှာ အရေးအကြီးဆုံးအချက်တစ်ခုအဖြစ် လူတွေသတ်မှတ်ထားကြတာကတော့ EQ ဆိုတဲ့ စိတ်ခံစားမှုကို သိရှိထိန်းချုပ်နိုင်စွမ်း ဖြစ်ပါတယ်။ EQ မှာဆိုရင် လူတစ်ဖက်သားကို စိတ်ပါလက်ပါ နားထောင်အကြံပေးတတ်တာ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်တာ၊ ကိုယ့်အမှားကိုယ်ဝန်ခံတတ်တာ၊ ပြီးပြည့်စုံမှုဆိုတာ မရှိဘူးလို့ လက်ခံထားပြီး လူတိုင်းကို လေးစားတတ်တာ စတဲ့ အရည်အချင်းတွေပါဝင်ပါတယ်။ ဒီနေရာမှာ လူတိုင်းရဲ့ ဖြစ်တည်မှုကို လေးစားတတ်ခြင်းဟာ လူမှုဆက်ဆံရေးအတွက် ခေတ်သစ်သော့ချက်တစ်ခု ပါပဲ။

လေလှိုင်းပေါ်မှ လူမှုဆက်ဆံရေးများ

နောက်ထပ် ခေတ်သစ်လူမှုဆက်ဆံရေးတွေမှာ ကြီးကြီးမားမား နေရာယူလာတာကတော့ လူမှုကွန်ယက်တွေပါပဲ။ တစ်ဖက်မှာ လူတွေကို လွယ်လွယ်ကူကူနဲ့ ပိုနီးစပ်သွားစေတဲ့ တံတားတစ်စင်းဖြစ်နေသလို တစ်ဖက်မှာလည်း ဆက်ဆံရေးတွေကို လွယ်လွယ်ပြတ်တောက်စေတဲ့ ဓားတစ်လက် ဖြစ်နေနိုင်ပါသေးတယ်။ အရေးကြီးတာကတော့ လူမှုကွန်ယက်တွေကို အချင်းချင်း ဆက်သွယ်ဖို့၊ သိသင့်သိထိုက်တာလေးတွေ မျှဝေဖို့ပဲ အသုံးပြုသင့်ပါတယ်။ နောက်ပြီး လွယ်လွယ်ကူကူ ဆက်သွယ်လို့ရတယ်ဆိုတိုင်း အမြဲတမ်း ဆက်သွယ်နေရမယ်လို့ မဆိုလိုဘူး ဆိုတဲ့အချက်ကို သတိပြုသင့်ပါတယ်။ ကိုယ့်ဘဝ ကိုယ့်အခက်အခဲနဲ့ကိုယ် လူတိုင်းက ဖြတ်သန်းနေကြတာဖြစ်တဲ့အတွက် လူမှုကွန်ယက်တွေကို အရမ်းကြီး အလေးအနက်ထားလို့ မရပါဘူး။

လူမှုဆက်ဆံရေး စက်ဝိုင်းများ

လူမှုဆက်ဆံရေးတွေကို ထိန်းသိမ်းရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင်အချိန်တွေ မပျောက်ဆုံးသွားအောင် ကိုယ့်ရဲ့ အသိုက်အဝန်းကို စက်ဝိုင်းလေးတွေလိုမျိုး နယ်ပယ်လေးတွေ ခွဲထားသင့်ပါတယ်။ အဓိကအားဖြင့် အတွင်းအကျဆုံးစက်ဝိုင်း (Inner Circle)၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အဆက်အသွယ်စက်ဝိုင်း (Networking Circle) နဲ့ လူမှုအသိုက်အဝန်းစက်ဝိုင်း (Community Circle) ဆိုပြီး ခွဲထားနိုင်ပါတယ်။

အတွင်းအကျဆုံးစက်ဝိုင်းမှာတော့ ကိုယ့်ရဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေ ရှိနေမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြီးရင် ဒီစက်ဝိုင်းထဲကလူတွေက အရေးအကြီးဆုံးဖြစ်ပါလိမ့်မယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အဆက်အသွယ်စက်ဝိုင်းထဲမှာတော့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်အောင်မြင်ဖို့ အရေးကြီးတဲ့သူတွေ ပါဝင်ပြီး လူမှုအသိုက်အဝန်းစက်ဝိုင်းမှာတော့ သာမန်ဆက်ဆံရေးတွေ၊ ရိုးရိုးတန်းတန်း အသိမိတ်ဆွေတွေ ပါဝင်ပါလိမ့်မယ်။ ဒီစက်ဝိုင်းတွေဟာ အဆင့်အတန်းခွဲခြားဆက်ဆံတာမျိုး၊ အကျိုးစီးပွားကို ရှေးရှုတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လူမှုဆက်ဆံရေးတွေကို အကောင်းဆုံးထိန်းသိမ်းရင်း ကိုယ်ပိုင်အချိန်တွေ မပျောက်ရှသွားစေဖို့ပဲဖြစ်ပါတယ်။

ခေတ်သစ်လူမှုဆက်ဆံရေးတွေဟာ ပိုပြီး ရှုပ်ထွေးသလို ထိန်းသိမ်းရခက်၊ တည်ဆောက်ရခက်တတ်ပါတယ်။ အဓိကအားဖြင့် သတိပြုစေချင်တာကတော့ ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် တစ်ဦးကိုတစ်ဦး စိတ်ဒဏ်ရာတွေ မပေးမိဖို့နဲ့ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်တန်ဖိုးတွေကို အဆုံးရှုံးမခံဖို့ပဲ ဖြစ်ပါတယ်နော်။


Share

Comments

Related Posts