ပေါ့ပေါ့တန်တန် သဘောမထားသင့်တဲ့ လေပွခြင်းအန္တရာယ်

Posted in ကျန်းမာရေး


ရင်ပြည့်ရင်ကယ်ဖြစ်နေပြီ၊ ဗိုက်ထဲမှာ လေပွနေပြီဆို တော်တော်များများက လေတက်၊ လေလည်သွားရင် ခဏနေပျောက်သွားမှာပဲဆိုပြီး ဂရုစိုက်လေ့မရှိကြပေမဲ့ အမှန်တကယ်မှာတော့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအထိ ထိခိုက်လာနိုင်တာမို့ လျော့မတွက်သင့်တဲ့ အစာမကြေလက္ခဏာ တစ်ခုပါ။ ဒီလိုဖြစ်ပြီဆို နေရထိုင်ရခက်ပြီး ဗိုက်ထဲမှာ ပုံမှန်ထက် လေတွေများနေတာ၊ မအီမလည်ဖြစ်တာ၊ ဝမ်းဗိုက်ဖောင်းနေတာ စသဖြင့် အပြင်ပန်းမှာ ခံစားနေရတဲ့လက္ခဏာတွေအပြင် ကိုယ်ခန္ဓာအတွင်းက မကျန်းမာခြင်းတွေကိုပါ ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် လေပွတာက ဘာကြောင့်ဖြစ်စေတာလဲ၊ ဖြစ်လာရင် ဘယ်လိုကုသကြမလဲဆိုတာတွေ သိထားရင်တော့ ကြိုတင်ကာကွယ်နိုင်မဲ့အပြင် ဖြစ်လာနိုင်တဲ့ ဆက်စပ်ကျန်းမာရေးဆိုးကျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်မှာပါ။ ဆိုတော့… ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ပြီး ရေရှည်ကျန်းမာရေးအတွက်ရော၊ နေ့တဓူဝ သက်တောင့်သက်သာရှိစေဖို့အတွက်ပါ လေပွခြင်းအကြောင်း အသေးစိတ်လေ့လာလိုက်ရ‌‌‌‌အောင်ပါ။

ဘယ်လိုအ‌ခြေအနေမှာ လေပွတတ်လဲ

လေပွတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပြီး ဒီထဲကမှ 

  • ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အစာဓာတ်မတည့်တာ စတဲ့ အစာချေစနစ် အားနည်းတဲ့ပြဿနာတွေကြောင့် ဖြစ်တာ၊
  • အစာစားတဲ့အချိန်မှာ အစာနဲ့အတူ လေပါ ရောပါသွားတာကြောင့် အတွင်းမှာ ဂတ်စ်တွေဖြစ်လာတာ၊ ဥပမာ- ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ အချိုဓာတ်များတဲ့ အစားအစာတွေကို စားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ လေတွေပိုဖြစ်စေနိုင်တာပါ။
  • Carbonated သောက်စရာတွေနဲ့ အချဥ်ဖောက်ထားတဲ့ အစားအစာတွေကြောင့် အပြင် 
  • ခပ်မြန်မြန် စားတတ်တဲ့အကျင့်ရှိတာ၊ အစားအသောက်ပုံစံမမှန်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု အားနည်းတာတွေကြောင့်လည်း ဖြစ်တတ်တာပါ။
  • အမျိုးသမီးများ ဓမ္မတာလာချိန်မှာ ဟော်မုန်းမညီမျှမှုကြောင့်လည်း ဖြစ်တတ်ပြီး
  • စိတ်ဖိစီးမှုများတဲ့အခါမှာလည်း အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လုပ်ဆောင်မှုကို တိုက်ရိုက်ထိခိုက်နိုင်ပြီး အစာမကြေဖြစ်ကာ လေပွစေပါတယ်။

တစ်ခါတစ်လေမှာ လေပွတာက အခန့်မသင့်လို့ ခဏသာဖြစ်တတ်ပြီး လက္ခဏာတွေက မပြင်းထန်တတ်ပါဘူး။ ဒါပေမဲ့ မကြာခဏနဲ့ ပြင်းပြင်းထန်ထန် လေပွတာဖြစ်နေမယ်ဆို IBS (Irritable Bowel Syndrome)၊ lactose intolerance စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ 

လေပွတာကို သဘာဝကျကျနဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ရပြီး အစာခြေစနစ်လည်း ကောင်းမွန်အောင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

  • အစားစားတဲ့အခါ ဖြည်းဖြည်းမှန်မှန်နဲ့ သေချာဝါးစားပေးသင့်ပြီး လေမခံအောင် ဂရုပြုပေးပါ။
  • အစာခြေစနစ်ကောင်းမွန်စေဖို့နဲ့ ဝမ်းမချုပ်စေဖို့အတွက် အမြဲတမ်းရေဓာတ်ဖြည့်တင်းနေပါ။
  • ဗိုက်ထဲမှာ ဂတ်စ်တွေများပြီး လေပွတာမဖြစ်စေဖို့ Carbonated သောက်စရာတွေနဲ့ အသင့်စား အစားအစာတွေ၊ ကစီဓာတ်များတဲ့ အစားအစာတို့ကို လျှော့စားပါ။
  • စိတ်ဖိစီးမှုလျော့ချကာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးတာကလည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပြီး ဂတ်စ်တွေ ထွက်သွားအောင် ကူညီပေးပါတယ်။
  • ရင်ပြည့်ရင်ကယ်ဖြစ်လာရင် သက်သာစေဖို့ ဂျင်းပြုတ်ရည်၊ ပူဒီနာရွက်နဲ့ ခါမိုမှိုင်း (chamomile) တို့နဲ့ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင် လက်ဖက်ရည်တွေကို သောက်သုံးပေးသင့်ပါတယ်။

ဘယ်လိုအခြေအနေမှာ စစ်ဆေးသင့်လဲ

ပုံမှန်အခြေအနေတွေမှာဆို လေပွတာ၊ မအီမသာဖြစ်တာက ခဏနဲ့ပျောက်ကင်းသွားနိုင်ပေမဲ့ တစ်ခါတစ်လေမှာ ပြင်းထန်ပြီး ခဏခဏလေပွတတ်လာတယ်ဆို တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာနိုင်တာပါ။ ကျန်းမာရေးအရဆိုလည်း အစာခြေလမ်းကြောင်း ရောင်ရမ်းတာ၊ အစာအိမ်အနာဖြစ်တာ စသဖြင့် ရောဂါအမျိုးမျိုးတို့ရဲ့ အစလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ကိုယ်ခန္ဓာက ပြင်းပြင်းထန်ထန် အချက်ပြလာပြီဆို ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာအကူအညီကို ရယူပြီး အခြေအနေအမှန်တိုင်း ရောဂါရှာဖွေ ကုသသင့်ပါတယ်။

ဒီလိုကျန်းမာရေးအတွက် ပေါ့ဆမနေသင့်တဲ့ လေပွခြင်းအကြောင်း ပိုမိုသိရှိသွားကြမယ်လို့ မျှော်လင့်ရင်း ကိုယ်ရောစိတ်ပါ ကျန်းမာတက်ကြွနေစေဖို့ သင့်တော်တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ချိန်ညှိနိုင်ကြဖို့ရာ တိုက်တွန်းလိုက်ရပါတယ်နော်။ 


Share

Comments

Related Posts