အားအင်ပြည့်ဝ ဆေးဖက်ဝင်ကြက်မည်းသား

Posted in အစားအစာ


အမှန်တကယ် ရှားပါးပြီး တန်ဖိုးလည်း မြင့်တဲ့ ကြက်မည်းသားမှာ ပုံမှန်ကြက်သားထက် အာဟာရတန်ဖိုးတွေများစွာ ရှိနေတာ သိပြီးကြပြီလား။ သူ့ရဲ့ အပြင်ပိုင်း နှုတ်သီးကစလို့ အမွှေးတောင်ပံတွေကနေ အမြီးအထိ နက်မှောင်နေတဲ့အပြင် အတွင်းပိုင်း အရိုးတွေနဲ့ အူကလီစာတွေအထိပါ မည်းနက်နေတဲ့ ကြက်မည်းသားမှာ ထူးခြားဆန်းကြယ်စွာနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိလို့နေတာပါ။ ကြက်မည်းကို အရင်က ဆေးဖြစ်ဝါးဖြစ်သာ စားသုံးကြပေမယ့် အခုချိန်မှာတော့ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေမှာပါ နှစ်ခြိုက်စွာ စားဖြစ်နေကြပြီးတော့ လက်ရှိ မြန်မာစျေးကွက်မှာတော့ အင်ဒိုဂျာဗားစပ် နဲ့ ယူနန်ဆမ်းမား ဆိုပြီး ကြက်မည်းအမျိုးအစား ၂ မျိုးရှိပါတယ်။ အားအင်ဖြစ်စေပြီး စစ်မှန်တဲ့ ကြက်မည်းအမျိုးအစား ရွေးချယ်ဝယ်ယူနိုင်ဖို့နဲ့ ဆေးဖက်ဝင်အောင် ဘယ်လိုချက်စားသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာ အဆုံးထိ ဖတ်ရှုလိုက်နော်။

ကြက်မည်းတွေ အခုလို မည်းနက်နေရတဲ့ အကြောင်းရင်းကတော့ သဘာဝအတိုင်း melaninဓာတ်တွေ များစွာရှိနေလို့ဖြစ်ပြီး ယူနန်ဆမ်းမား ကြက်မည်းအမျိုးအစားမှာတော့ အတွင်း အသားမှာပဲ မည်းနက်နေတာပါ။ Ayam Cemani မျိုးလို့ခေါ်ကြတဲ့ အင်ဒိုဂျာဗားစပ် ကြက်မည်းအမျိုးအစားမှာတော့ အတွင်းရော အပြင်ပါ မည်းနက်နေပေမယ့် အရသာက နူးညံ့ကောင်းမွန်ပြီး သာမန်ကြက်သားထက် အနည်းငယ်ပိုချိုနေတတ်ပါတယ်။ အားအင်ဖြစ်စေဖို့နဲ့ ရောဂါဘယတွေကို ကာကွယ်ထားနိုင်ဖို့အတွက် ဒီကြက်မည်းအမျိုးအစားကို ရွေးချယ်စားသုံးကြပြီး ရှားလည်း ရှားပါးတာမို့ တန်ဖိုးလည်းကြီးလှပါတယ်။ 

မထင်ထားတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်မည်းသားကို စားသုံးမယ်ဆို အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာအတွက် အဘက်ဘက်က ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိလို့နေတာပါ။

  • Antioxidants တွေ ကြွယ်ဝစွာ ပါဝင်မှုကြောင့် ကိုယ်တွင်းဆဲလ်တွေ ပျက်စီးတာကနေ ကာကွယ်ပြီး ရောင်ရမ်းတာတွေ သက်သာစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ လျော့ချပေးတယ်။
  • Vitamin A, Eနဲ့ B-complex စတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပြီး သံဓာတ်၊ ကယ်ဆီယမ်ဓာတ်နဲ့ ဖော့စရပ်စ်ဓာတ်တွေလည်း ပါတာမို့ ကိုယ်ခံအား မြင့်တင်ပေးတယ်။
  • သူ့ရဲ့ ကော်လဂျင်နဲ့ အသားဓာတ်ကြောင့် အရိုးသန်မာစေကာ အဆစ်အမြစ်နာကျင်တာတွေ လျော့ချပေးပြီး ကြွက်သားတစ်ရှူးတွေ ကျန်းမာအောင် ပြုပြင်ပေးပါသေးတယ်။
  • သွေးလည်ပတ်မှု ကောင်းမွန်စေလို့ နှလုံးရောဂါသည်တွေအတွက်အပြင် ကလေးမွေးဖွားထားတဲ့ မေမေတွေအတွက်ပါ အကျိုးကျေးဇူးကောင်းတွေ ရရှိစေမှာပါ။
  • အဆီလျော့စားသူ၊ ဝိတ်ချနေသူများအတွက်လည်း cholesterol ကျစေပြီး အသားဓာတ်ရရှိစေတဲ့ ကြက်မည်းသားက ချက်ပြုတ်စားသောက်တဲ့အချိန်တိုင်းမှာ သဘာဝအတိုင်း ကျန်းမာရေးအတွက် အထောက်အကူပြုနေမှာပါ။

ဆေးဖက်ဝင်တဲ့ ချက်ပြုတ်နည်း

ကိုယ်ခံအားမြင့်တင်ဖို့နဲ့ နလန်ပြန်ထူလာစေဖို့ အဓိကစားတတ်ကြတဲ့ ကြက်မည်းသားကို တရုတ်ရိုးရာဆေးဖက်ဝင်အပင်တွေနဲ့အတူ ပြုတ်စားတာ၊ ဂျင်းနဲ့ ကြက်သွန်ဖြူ တွဲဖက်ပြီး ကြက်မည်းစတူး (Stew) လုပ်စားတာ အပြင် အစာခြေစနစ်ကောင်းမွန်စေဖို့ ကြက်မည်းကို ဆေးဖက်ဝင်အောင် မီးအေးအေးနဲ့ အချိန်ကြာကြာပြုတ်ထားပြီး ဟင်းချိုလုပ်သောက်တာ စသဖြင့် ဖန်တီးစားသောက်နိုင်တာပါ။

  • ကြက်မည်းကို အခုမှ စပြီး ဝယ်ယူချက်ပြုတ်မယ်ဆို လတ်ဆတ် စစ်မှန်တဲ့ ကြက်မည်းအမျိုးအစားကို သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးပြင်ဆင်ထားတဲ့နေရာတွေမှာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
  • ကြက်မည်းရဲ့ နူးညံ့တဲ့အသား မပျက်စီးအောင်လို့ဆို ပြုတ်တာ၊ ပေါင်းတာကို မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ချက်ပြုတ်တတ်ဖို့က အရေးကြီးဆုံးပါ။
  • ဂျင်ဆင်းမြစ်၊ Goji Berries နဲ့ ဂျင်းတို့ပါ ထည့်ချက်စားမယ်ဆို အရသာနဲ့ အာနိသင်တစ်ဆင့်မြင့်စေပြီး ဆေးဖက်ဝင်စေပါတယ်။
  • ကြက်မည်းရဲ့ သဘာဝအရသာကိုက နူးနူးညံ့ညံ့ ပေါ့ပေါ့ပါးပါးနဲ့မို့ ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်သာ ထည့်ဖို့လိုပြီး အရသာမပြင်းသွားအောင်လို့ ဂရုပြုပေးဖို့လိုပါမယ်နော်။  

ဒီလိုဆေးဖက်ဝင် အကျိုးအာနိသင်တွေ ရှိနေတဲ့ကြက်မည်းက ရှေးအရင်နှစ်တွေကနေ ခုခေတ်စားသောက်ဖွယ်ရာတွေအထိ နေရာယူထားလျက်ရှိပြီး ကိုယ်ခံအားမြင့်တင်စေဖို့နဲ့ နလန်ပြန်ထူကျန်းမာစေဖို့ အရေးကြီးတဲ့ သဘာဝအားဖြည့်ဆေးတစ်မျိုးလို့တောင် ဆိုရမှာပါ။ ဒါကြောင့် လတ်ဆတ်မှန်ကန်တဲ့ ကြက်မည်းအမျိုးအစားကို ရွေးချယ်ဝယ်ယူပြီး ကျန်းမာစွာ ချက်ပြုတ်စားသုံးကာ အာဟာရစာတစ်ခုအဖြစ် စားသုံးရင်း ကျန်းမာကြံ့ခိုင်တဲ့ စိတ်ခန္ဓာကို ရရှိပိုင်ဆိုင်ကြမှာဖြစ်ပါတယ်။


Share

Comments

Related Posts