
ခြောက်သွေ့အေးမြတဲ့ တစ်ဆောင်းသစ်လာပြီဆိုတော့ အိမ်မှာရှိတဲ့ ဘေဘီလေးတို့ရဲ့ နုနယ်တဲ့ အသားရည်မပျက်စီးရအောင် ကြိုတင်ကာကွယ်ထားဖို့ တွေးနေတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူကောင်း ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီက အရမ်းအေးတဲ့ထဲ မပါပေမဲ့လည်း မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ လေထုရဲ့ ခြောက်ခြောက်သွေ့သွေ့နဲ့ အေးမြတဲ့ဒဏ်ကိုတော့ လူတိုင်းလိုလို ခံစားရနိုင်တာပါ။ ကလေးငယ်တွေမှာဆိုရင် သူတို့လေးတွေရဲ့ နုနယ်ပါးလျတဲ့ အသားရည်လေးတွေကို ဒီလိုအချိန်မှာ ခြောက်သွေ့၊ ယားယံတာတွေ ဖြစ်နိုင်ခြေများတာမို့လို့ ဘယ်လိုဂရုစိုက်ပေးကြမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
အခုလို သူတို့အသားရည်လေးတွေ မခြောက်အောင် ခရင်မ်တစ်မျိုးမျိုး လိမ်းလိုက်ရုံထက် ဒီလိုရာသီဥတုမှာ အသားရည်ကို အားဖြည့်ထားဖို့ လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေပါ လေ့လာထားဖို့ လိုတာပါ။ ဒီတော့ နူးညံ့တဲ့အသားရည်လေးတွေ ဒီလိုဆောင်းတွင်းမှာ ဘာကြောင့်ပျက်စီးလွယ်လဲဆိုတာ အရင်ဆုံး လေ့လာထားဖို့လိုပါတယ်။
- ကလေးငယ်တို့ အသားရည်ဟာ ပါးလွှတဲ့အတွက် ပုံမှန် လူကြီးအသားရည်ထက် ရေဓာတ်ကုန်ခမ်းဖို့ ပိုလွယ်ပါတယ်။
- ဒီလိုအသားရည်လေးတွေကို ကာကွယ်ပေးမဲ့ အရေးပါတဲ့ Sebum (သဘာဝ အဆီ) ဟာလည်း ကလေးတွေမှာ သိပ်မထုတ်လုပ်နိုင်သေးပါဘူး။
- ဆောင်းရာသီဆိုပေမဲ့လည်း နေ့အပူချိန်ကြောင့် Air Con ဖွင့် နေကြတဲ့အခါ သူ့ရဲ့ ခြောက်သွေ့ အေးမြတဲ့လေကြောင့်လည်း အသားခြောက်စေဖို့ အဓိကတရားခံဖြစ်နေပြန်ရောပေါ့။

ဆိုတော့ ဒီအချက်တွေ သိထားရင်းနဲ့ သူတို့လေးရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အသားမခြောက်ရအောင် ဘယ်လိုလေးတွေ လုပ်ဆောင်ပေးရမလဲကတော့
(၁) ရေချိုးပေးတဲ့အခါ
ရေကို အရမ်းမပူစေဘဲ ၅ မိနစ် ကနေ ၁၀ မိနစ်အထိပဲ ချိုးပေးပါ။ အရမ်းပူတဲ့ ရေနွေးနဲ့ဆို နုနယ်တဲ့အသားရည်လေးတွေမှာ ရှိတဲ့ သဘာဝအဆီတွေ ကုန်ခမ်းသွားပြီး အသားခြောက်စေပါတယ်။
နူးညံ့တဲ့ သဘာဝပစ္စည်းလေးတွေ သုံးပေးပါ။ pH မျှတပြီး အမွှေးနံ့မပါကာ ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ ဆပ်ပြာရည်ကို ရွေးချယ်သင့်ပါတယ်။ အဓိကကတော့ ထိခိုက်လွယ်တဲ့ အသားရည်ပိုင်ရှင်လေးတို့နဲ့ သင့်တော်လိုက်ဖက်တဲ့ အသုံးအဆောင်တွေကို ဦးစားပေးအသုံးပြုပေးဖို့ပါ။
ရေခြောက်အောင် နူးနူးညံ့ညံ့သုတ်ပေးပါ။ ရေချိုးပြီးတာနဲ့ စိုစွတ်နေတဲ့ ကလေးအသားရည်ကို မျက်နှာသုတ်ပဝါနဲ့ပဲ ညင်ညင်သာသာ ပုတ်ပြီး သုတ်ပေးဖို့လိုပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်ပြီး ရေသုတ်မယ်ဆို အသားယားတာ၊ ခြောက်တာတို့ ဖြစ်တတ်လို့ပါပဲ။
(၂) အစိုဓာတ်ထိန်းထားနိုင်ဖို့
ကလေးကို ရေချိုးပေးပြီးတာနဲ့ ၃မိနစ်အတွင်း သူတို့လေးတွေသုံးနေကြ (watery lotion မဟုတ်တဲ့) ခရင်မ်တမျိုးမျိုးကို ထူထူလိမ်းပေးလိုက်ပါ။ ဒါက ရေချိုးပြီးသားမှာ ရှိနေတဲ့ အစိုဓာတ်ကို သိုလှောင်ပြီးသား ဖြစ်စေပါတယ်။
အသားရည်ကို ကျန်းမာစေတဲ့ ရေဓာတ်ဖြည့်ပစ္စည်းတွေဖြစ်တဲ့ Ceramides၊ Shea Butter သို့ Coconut Oil လိုမျိုး ပါဝင်ပစ္စည်းတွေကို ကလေးအသားရည်နဲ့ အဆင်ပြေမပြေ ဆန်းစစ်ကြည့်ပြီး ရွေးချယ်အသုံးပြုပေးပါ။
အရမ်းအေးတဲ့ရက်တွေမှာ ရေမချိုးပေးဖြစ်ရင်တောင် အသားခြောက်လွယ်တဲ့ ပါးပြင်လေးတွေ၊ လက်နဲ့ ခြေထောက်တွေကို အစိုဓာတ်ဖြည့်ခရင်မ် တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးသင့်ပါတယ်။

(၃) ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံ
ရာသီဥတုအေးတဲ့အခါမှာလည်း နူးညံ့ပြီး အသက်ရှူရလွယ်စေတဲ့ ချည်သားအဝတ်အစားလေးတွေကို ဝတ်ဆင်ပေးပြီး အပေါ်ထပ်တစ်ထပ် ဝတ်ဆင်ထားပေးသင့်ပါတယ်။ ဒီလို ဝတ်ပေးတာက ပူလာတဲ့အခါမှာ ချွေးမထွက်အောင် ချွတ်ပေးလိုက်ရုံဖြစ်ပြီး တစ်ထပ်တည်း ခပ်ခပ်ထူထူ ဝတ်ပေးထားမယ်ဆို ချွေးထွက်ရာကနေ အရေပြားလေးတွေ ယားယံလာနိုင်လို့ပါ။
နေ့အပူရှိန်ကြောင့် Air Con ဖွင့်ရတယ်ဆိုရင်လည်း ကလေးကို လေတိုက်ရိုက်မထိအောင် ဂရုပြုပေးပြီး 24°C ကနေ 26°C အထိသာ အခန်းအပူချိန်ကို ချိန်ညှိထားသင့်ပါတယ်။ ဘာကြောင့်ဆို ဒီလို ပန်ကာနဲ့ Air Conက ထွက်တဲ့လေတွေက အသားရည်ကို ခြောက်သွေ့စေနိုင်လို့ပါ။
နောက်ဆုံးအနေနဲ့ ကလေးငယ်ကို ရေဓာတ်ဖြည့်တင်းပေးဖို့ အမြဲဂရုစိုက်ပေးနေသင့်ပြီး နို့စို့အရွယ်ကလေးဆို နို့ဝအောင်နဲ့ ခြောက်လအထက် ကလေးဆို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ရေတိုက်ပေးဖို့ အရေးကြီးပါတယ်။
ဒီလို ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ပဲ မိုးအကုန်၊ ဆောင်းအကူးတွေမှာ ဖြစ်တတ်တဲ့ ကလေး အသားရည်ပြဿနာလေးတွေကို သက်တောင့်သက်သာနဲ့ ကျော်လွှားနိုင်ကြမယ်လို့ မျှော်လင့်ရင်း ရာသီတိုင်း ကလေးတို့ ကျန်းမာပျော်ရွှင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။
Comments