နေ့စဉ်ကျန်းမာရေးအတွက် သဘာဝ ဆေးဖက်ဝင်အဆီအနှစ်များ

Posted in ကျန်းမာရေး, အိမ်တွင်းကုထုံးများ


ကိုက်ခဲနာကျင်မှုတွေ သက်သာဖို့၊ အသားရည်ထိန်းသိမ်းဖို့နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးတွေအတွက် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတဲ့ ဆေးဖက်ဝင်အဆီအနှစ်တွေက အခုချိန်ထိတိုင် ကျန်းမာရေးအတွက် အဘက်ဘက်က အကျိုးပြုနေဆဲပါ။ အာရှနိုင်ငံတွေမှာတော့ သဘာဝကပေးတဲ့ ဆေးဖက်ဝင်အပင်တွေကနေ အချိုးကျပေါင်းစပ်ကာ အာနိသင်ပြည့်ဝတဲ့ မုန်ညင်းဆီ၊ အုန်းဆီ၊ ယူကလစ်ဆီနဲ့ ပရုတ်ဆီ စတာတွေကို အခုခေတ်မှာ လူကြီးလူငယ်မရွေး ကျန်းမာရေးအရ ဆောင်ကြ၊ လိမ်းကြတာမို့ တရင်းတနှီးရှိကြမယ် ထင်ပါတယ်။ ဒီလို ဆေးဖက်ဝင်အဆီအနှစ်တွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကြည်လင်လန်းဆန်းမှုကိုပါ အထောက်အကူပြုတာမလို့ သူတို့ရဲ့အရေးပါမှုကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ အကျိုးကျေးဇူးကောင်းတွေအပြင် ပိုမိုထိရောက်စေမယ့် သဘာဝအဆီအနှစ် ရွေးချယ်အသုံးပြုမှုတွေကိုပါ အားလုံးတူတူသိထားရအောင် အဆုံးထိ ဖတ်ကြည့်လိုက်ပါ။ 

ဆေးဖက်ဝင်တဲ့ အကျိုးကျေးဇူးတွေ

ဆေးဖက်ဝင်အဆီ (Medicated Oils) တွေ ဆိုတာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးနိုင်တဲ့ အပင်တွေကနေရတဲ့ အဆီအနှစ်တွေကို သဘာဝဒြပ်ပေါင်းတွေနဲ့ ပေါင်းစပ်ထုတ်ယူထားတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါတွေကို အကြောအချင်ပြေအောင် နှိပ်နယ်တဲ့နေရာတွေ (Traditional body massages)၊ အရိုးအဆစ်အမြစ်နဲ့ ကြွက်သားတွေ ကာကွယ်ကုသတဲ့နေရာတွေ၊ အအေးမိတုပ်ကွေး သက်သာပျောက်ကင်းတဲ့နေရာတွေနဲ့ အသားရည်ကို စိုပြေကျန်းမာအောင် အာဟာရဓာတ်ဖြည့်တဲ့နေရာတွေမှာ အသုံးချနိုင်တာပါ။ 

မြန်မာနိုင်ငံမှာတော့ မုန်ညင်းဆီကို ရောင်ရမ်းတာ သက်သာအောင်၊ ပိုးမဝင်အောင်အတွက် အသုံးပြုကြပြီး အညောင်းအညာပြေ အနှိပ်ခံရာမှာလည်း သုံးတတ်ကြသေးတာပါ။ သူ့မှာ အရောင်ကျသက်သာစေပြီး ရောဂါပိုးမွှားကင်းစင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရာသီဥတုအေးတဲ့အချိန်မှာ နွေးထွေးအောင်နဲ့ အဆစ်အမြစ်နာတာတွေ သက်သာအောင် ခြေဖျား၊ လက်ဖျားနဲ့ ဝမ်းဗိုက်နေရာတွေ လိမ်းနိုင်ပါတယ်။

အသုံးများကြတဲ့ အုန်းဆီကိုတော့ အလှအပအတွက်အပြင် ကိုယ်ခံအားကောင်းစေဖို့အတွက် အနည်းငယ် သောက်သောက်၊ လိမ်းလိမ်း ဘက်စုံ ဖော်စပ်သုံးလို့ရတဲ့ သဘာဝအဆီအနှစ်တစ်မျိုးပါ။ အသားရည်ကို ရေဓာတ်ဖြည့်ပေးတာ၊ ပိုးမဝင်အောင် တားဆီးပေးတာ၊ အနာကျက်မြန်စေတာ စသဖြင့် အကျိုးကျေးဇူးကောင်းတွေ ရှိနေတာမို့ လူကြီးလူငယ်မရွေး အသုံးပြုအများဆုံး ဆေးဖက်ဝင်အဆီပဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့ ပရုတ်ဆီ (Camphor oil) က ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်တွေနာတာ၊ အသက်ရှူရခက်တာ စတဲ့ အခြေအနေတွေမှာ သက်သာအောင် အလိမ်းများကြပါတယ်။ လိမ်းထားရင် အေးမြနေတာ၊ အရောင်ကျသက်သာစေပြီး၊ ပိုးသေစေတဲ့ သဘာဝပါဝင်ပစ္စည်းတွေကြောင့်လည်း သာမန်အရည်ပြားယားယံတာတွေ၊ သွေးလှည့်ပတ်မှု ကောင်းစေတာ၊ အနားယူဖို့ အနှိပ်ခံတာတွေ အတွက်မှာလည်း ပရုတ်ဆီကို အသုံးချနိုင်ပါတယ်။

ယူကလစ်ဆီ (Eucalyptus Oil) ကတော့ သူ့ရဲ့ menthol လိုမျိုးစွမ်းရည်ကြောင့် နှာခေါင်းပိတ်တာ၊ ခေါင်းကိုက်တာသက်သာစေပြီး Essential Oils နဲ့ အလှကုန်ပစ္စည်းတွေ ဖန်တီးထုတ်လုပ်ကြရာမှာ အသုံးဝင်လှပါတယ်။ သူက ပိုးမွှားနဲ့ မှိုတွေကို တားဆီးနိုင်တဲ့ Antimicrobial ပစ္စည်းတွေလည်း ပါဝင်တာကြောင့် အသားရည်ပေါ်မှာ လိမ်းတာ၊ ရှူတာတွေမှာ အကျိုးကျေးဇူးကောင်းတွေ ရနိုင်တာပါ။

သိထားသင့်တဲ့ အသုံးပြုပုံ

ဒီလို ကျန်းမာရေးအရ အကျိုးကျေးဇူးတွေရှိနေတဲ့ ဆေးဖက်ဝင်အဆီတွေကို ကောင်းကောင်းအသုံးချနိုင်အောင်

  • အသားထဲအထိ စိမ့်ဝင်မှုအားကောင်းအောင် မနှိပ်နယ်ခင်မှာ ဒီအဆီတွေကို အပူနွေးနွေးပေးထားပါ။
  • ခံစားနေရတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ရင်ဘတ်၊ ဗိုက်၊ အရိုးအဆစ်ဆုံရာ နေရာတွေနဲ့ ဦးရည်ပြားမှာ အဓိကထား လိမ်းပြီး နှိပ်နယ်ပေးပါ။
  • အအေးမိတာ၊ နှာခေါင်းပိတ်တာတွေအတွက် ရေနွေးငွေ့ရှူရာမှာ ထည့်သွင်း အသုံးပြုပေးပါ။
  • ထိလွယ်ရှလွယ်တဲ့ အသားရည်တွေနဲ့ ဓာတ်မတည့်တာတွေ ရှိလာနိုင်သေးတာမို့ ကျွမ်းကျင်၊ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်စမ်းသပ်ပြီးမှ ဆက်အသုံးပြုဖို့တော့ အရေးကြီးပါတယ်။

ကျေးလက်ဒေသတွေကနေ မြို့ပြနေရာတွေအထိ စွဲစွဲမြဲမြဲအသုံးပြုခဲ့ကြတဲ့ ဆေးဖက်ဝင်အဆီအနှစ်တွေဟာ ငွေကြေးအကုန်အကျလည်း မများတဲ့အပြင် သဘာဝကရတဲ့ ဆေးစွမ်းကောင်းတွေဖြစ်တာမို့ အခုထိတိုင် ယုံကြည်စွာ သုံးစွဲနေကြဆဲပါ။ ဒီဆောင်းပါးလေးကို ဖတ်ရင်း သဘာဝအတိုင်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး ကိုယ်ခံအားကောင်းစေကာ ကြည်လင်တောက်ပတဲ့အသားရည်ကို ပိုင်ဆိုင်ချင်တယ်ဆို ဒီဆေးဖက်ဝင်အဆီတွေကိုလည်း အကျိုးကျေးဇူးကောင်းတွေနဲ့အတူ နည်းလမ်းမျိုးစုံနဲ့ အသုံးချနိုင်တယ်ဆိုတာ သိရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။


Share

Comments

Related Posts