
တစ်အိမ်သားလုံးရဲ့ ကျန်းမာပျော်ရွှင်ရေးကိုပဲ အဓိကထား စောင့်ရှောက်ကာကွယ်ပေးနေတဲ့ မေမေ့အတွက် တစ်ဖန်ပြန်ပြီး ဂရုစိုက်ပေးရမယ့်အချိန်ရောက်ပြီနော်။ မွေးနေ့နဲ့ အမေများနေ့တွေမှာပဲ အထူးတလည် ဂရုစိုက်ပေးဖို့မဟုတ်ဘဲ မေမေတို့ မိသားစုဝင်တွေနဲ့အတူ ကိုယ်ရောစိတ်ရော ကျန်းကျန်းမာမာနဲ့ ယုံကြည်မှုရှိရှိ ပြုံးပျော်နေစေဖို့က ပိုအရေးကြီးပါတယ်။ မေမေ့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပြင် အလှအပနဲ့ အာဟာရဆိုင်ရာ လိုအပ်ချက်တွေပါ ဖြည့်ဆည်းပေးနိုင်ဖို့က အလိုအပ်ဆုံးနဲ့ အရေးပါဆုံးဖြစ်တာမို့ ဒီဆောင်းပါးထဲမှာ မေမေ့ဘဝရဲ့ နေ့ရက်တိုင်းအတွက် အကောင်းဆုံးလက်ဆောင်တွေကို ရှာဖွေဖတ်ရှုလိုက်ရအောင်ပါ။

မရှိမဖြစ် ဗီတာမင်
ကိုယ်ခံအားနဲ့ အသားရည်ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းကောင်းပေးနိုင်ဖို့ဆို ဗီတာမင်အမျိုးမျိုးကို နေ့စဥ်သောက်သုံးဖို့ ဂရုစိုက်ပေးသင့်တာပါ။ ဒီလို မေမေ့အတွက် အကျိုးပြုဗီတာမင်ဓာတ်တွေပါဝင်တဲ့ အားဆေးတွေ ရှာဖွေဝယ်ယူတော့မယ်ဆို
- အရိုးကျန်းမာရေး၊ ကိုယ်ခံအားကောင်းမွန်ရေးနဲ့ စိတ်ခံစားမှုအတက်အကျတွေကို မျှတစေဖို့အတွက် Vitamin D
- အားအင်ပြည့်ဝပြီး အမြဲကျန်းမာသန်စွမ်းနိုင်စေဖို့ ထောက်ပံ့ပေးမယ့် Vitamin B12
- ကိုယ်ခန္ဓာဆဲလ်တွေပျက်စီးတာက ကာကွယ်ပေးပြီး အသားရည်ကျန်းမာစေမယ့် Vitamin E
- နှလုံး၊ ဦးနှောက်နဲ့ အရိုးအဆစ်ကျန်းမာရေးကို အကူအညီပေးမယ့် Omega-3 Fatty Acids တို့အပြင်
- ကျန်းမာနုပျိုပြီး အသားရည်တင်းရင်းစေမယ့် Collagen supplements တွေ အဓိကထား သောက်သုံးနိုင်တာပါ။
အဓိကအရေးကြီးတာကတော့ ပုံမှန်မှီဝဲနေကြဆေးဝါးတွေကနေ ပြောင်းလဲသောက်သုံးတော့မယ်ဆို မေမေနဲ့ သင့်တော်မတော် ကျွမ်းကျင်ရာဆရာဝန် သို့ ပြသနေကြ သက်ဆိုင်ရာဆရာဝန်နဲ့လည်း တိုင်ပင်ဆွေးနွေးထားဖို့လိုမယ်နော်။

အလှအပအတွက် လက်ဆောင်
အသက်ရလာတဲ့ မေမေတို့မှာ အလှအပဆိုင်ရာ အသားရည်နဲ့ ဆံပင်ကျန်းမာရေးတို့အတွက် အရင်ကထက် ပိုဂရုစိုက်လာရပါတယ်။ ဒါတွေအတွက် ဂရုပြုပေးဖို့ဆို သဘာဝအတိုင်း အသားရည်နဲ့ဆံသားတို့ကို ထိန်းသိမ်းပေးနိုင်မယ့် routineလေးတစ်ခုကို မေမေနဲ့အတူ လုပ်ဆောင်ပေးနိုင်ပါတယ်။
- မျက်နှာအသားရည်အတွက်ဆို ရေဓာတ်ဖြည့်ပေးနိုင်မယ့် မျက်နှာသစ်ဆေး၊ ဗီတာမင် C သို့ အိုမင်းရင့်ရော်ခြင်းကို လျော့ချနိုင်တဲ့ serumတွေနဲ့ နေလောင်ကာခရင်မ်တွေ
- ဆံသားအာဟာရအတွက်ဆို ဆာဖိတ်ဓာတ် (sulfate) မပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆံသားအားဖြည့်နိုင်တဲ့ သဘာဝအဆီတွေဖြစ်တဲ့ အုန်းဆီနဲ့ Argan Oil တို့အပြင်
- အိမ်မှာ ရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ သန့်သန့်ရှင်းရှင်း ပြုလုပ်ဖန်တီးနိုင်တဲ့ DIY face masks တွေအသုံးပြုနိုင်တဲ့အပြင် အသားရည်လှပစေမယ့် Epsom salts၊ essential oilsတို့နဲ့ ရေချိုးတာမျိုးကို လုပ်ဆောင်ပေးနိုင်ပါသေးတယ်။

ကိုယ်လည်းကျန်းမာ၊ စိတ်လည်းချမ်းသာ
မေမေတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကိုလည်း မျှမျှတတဂရုစိုက်ပေးဖို့ လိုပါတယ်။ မနက်ပိုင်းတွေမှာ လမ်းတူတူလျှောက်တာ၊ အကြောလျော့တာ၊ ယောဂကျင့်တာတို့ကို ပေါ့ပေါ့ပါးပါးလုပ်ဆောင်ပေးတာ၊ စိတ်ဖိစီးမှုလျော့ချနိုင်ဖို့ တရားထိုင်တာ၊ Journaling လုပ်တာတို့ကို တူတူလုပ်ဆောင်နိုင်ပါတယ်။ အစားအသောက်နဲ့ နေထိုင်မှုပုံစံကလည်း အရေးပါသေးတာမို့လို့ စိမ်းစိမ်းစိုစို အရွက်တွေ၊ အရောင်စုံ အသီးအနှံနဲ့ အားဖြစ်စေတဲ့ အသားတွေကို ကျန်းမာစေဖို့ စားသောက်ရန်လိုပါသေးတယ်။ ဒီအလေ့အထတွေကို တစ်အိမ်သားလုံးတူတူ စတင်လုပ်ဆောင်ကြည့်မယ်ဆို မေမေလည်း မပျင်းရတော့ဘဲ စိတ်တက်ကြွစေကာ အဓိပ္ပာယ်ရှိပြီး ကျန်းမာတဲ့နေ့ရက်တွေ အတူတကွပိုင်ဆိုင်နိုင်ကြရမှာပါ။
မေမေ့အတွက် စစ်မှန်တဲ့ လက်ဆောင်ပေးဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းလက်ဆောင်လှလှလေးတွေနဲ့ ပြီးတာမဟုတ်ပါဘူး။ သူမရဲ့ ကျန်းမာရေး၊ အလှအပနဲ့ စိတ်ချမ်းသာမှုတွေအတွက်လည်း နေ့စဥ်ဂရုစိုက်ပေးဖို့က ပိုလိုအပ်တာပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဂရုပြုပေးပြီး တန်ဖိုးရှိတဲ့အချိန်လေးတွေ တူတူဖြတ်သန်းတာက မေမေ့အတွက် အကောင်းဆုံးလက်ဆောင်မွန်တစ်ခုပါပဲ။
Comments