ကလေးတွေ ရာသီတုပ်ကွေးမဖြစ်စေရအောင်

Posted in မိဘအုပ်ထိန်းခြင်း


ပူလွန်းတဲ့ နွေရာသီကနေ စိုစွတ်စွတ် မိုးရာသီ တစ်ဖန်ပြန်ရောက်လာပြီဆို ရာသီဥတုအပြောင်းအလဲကြောင့် အနည်းနဲ့အများ ဖြစ်လာနိုင်တဲ့ ရာသီတုပ်ကွေးအန္တရာယ်ကလည်း လူကြီး၊ လူငယ်မ‌ရွေး စိုးရိမ်စရာပါ။ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်ပုံတွေ၊ ပေါများလာတဲ့ ရောဂါပိုးမွှားအမျိုးမျိုးကြောင့် ပုံမှန် ကျန်းမာကြံ့ခိုင်တဲ့ လူကြီးတွေတောင် နေထိုင်မကောင်းဖြစ်ကြရင် အင်မတန်အားနည်းသွားတတ်တာကြောင့် ကလေးငယ်တွေအတွက်မှာဆို ယှဥ်ပြောပြစရာမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ကောင်းစွာမဖော်ပြတတ်သေးတဲ့ အရွယ်လေးတွေမှာ နေထိုင်မကောင်းဖြစ်ကြပြီဆို ပြုစုစောင့်ရှောက်နေတဲ့ မိဘတွေခမျာလည်း စိုးရိမ်တကြီးဖြစ်တတ်ကြတာလည်း သဘာဝပါ။ ဒါပေမယ့် မှန်ကန်ထိရောက်တဲ့ ကာကွယ်မှုနဲ့အတူ နေမကောင်းဖြစ်လာတဲ့အခါမှာလည်း အမြန်ဆုံးနလန်ပြန်ထူပြီး ရွှင်ပြပြဖြစ်လာစေဖို့ နည်းလမ်းတွေက ရှိစမြဲမို့ ဖေဖေမေမေတို့ လေ့လာထားနိုင်အောင် မျှဝေလိုက်ပါတယ်။

ရာသီတုပ်ကွေးရဲ့  အဖြစ်များတဲ့ လက္ခဏာတွေ

အရင်ဆုံး ကလေးတွေ ရာသီတုပ်ကွေးစဖြစ်နေပြီဆို ဒီရှေ့ပြေးလက္ခဏာတွေကလည်း ဂရုမမူမိလို့ မရပါဘူး။ မိုးတွင်းရဲ့ စိုထိုင်းဆပေါများလာတာနဲ့အတူ နေပူလာတာကနေ ချက်ချင်းမိုးရွာတာတွေကြောင့် အပူချိန်အပြောင်းအလဲတွေက နုနယ်တဲ့ကလေးတွေမှာ ထိရောက်မှုရှိပါတယ်။ ခဏခဏ နှာချေတာ၊ လည်ချောင်းနာတာ၊ နှာစေးတာတို့က သာမာန်အအေးမိလက္ခဏာတွေရဲ့ အစပါပဲ။

  • တုပ်ကွေးပိုးကြောင့် အဖျားရှိလာပြီဆို ကိုယ်တွေလက်တွေ ပူနေတာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်လွယ်တာကလည်း ကလေးတွေမှာ အဖြစ်များတတ်ပါတယ်။
  • နောက်ပြီး မိုးတွင်းလည်းဖြစ်တော့ အစားအသောက်ကလည်း သန့်သန့်ရှင်းရှင်းနဲ့ ပူပူနွေးနွေးမရှိဘူးဆို နုနယ်တဲ့ ကလေးတွေမှာ ရေဓာတ်ကုန်ခမ်းပြီး ဝမ်းလျောတာတွေကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ကြလို့ လျော့မတွက်သင့်ပါဘူး။
  • ရာသီမရွေးရှိနေတဲ့ ခြင်အန္တရာယ်ကလည်း မိုးရာသီမှာတော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေများပြီး မိုးတွင်းရဲ့ အဝတ်မခြောက်တာတွေ၊ မှိုစွဲတာတွေကနေ အသားရည်နဲ့ ခြေလက်အစိတ်အပိုင်းတွေမှာ ဓာတ်မတည့်တာတွေ၊ ယားနာတွေကလည်း ဖြစ်တတ်ပြန်ပါသေးတယ်။

ကာကွယ်ထားကြဖို့ဆို

ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဖြစ်လို့ ကလေးတွေမှာ ရာသီတုပ်ကွေးနဲ့ ကူးစက်ရောဂါမဖြစ်ရအောင် 

  • ကိုယ်ခံအားမြှင့်တင်ပေးဖို့ဆို အားအင်ဖြစ်စေမယ့် အစားအစာတွေ ဦးစားပေးကျွေးသင့်ပြီး Vitamin C နဲ့ Zinc ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းချိုပူပူနွေးနွေးတွေနဲ့ ရာသီပေါ်အသီးအနှံတွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။
  • တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ဂရုစိုက်ပေးပြီး ကစားစရာပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း၊ အပြင်က ပြန်လာပြီးတိုင်း၊ တခုခုမစားခင်တိုင်းမှာ လက်ပုံမှန်ဆေးပေးဖို့ သင်ကြားပေးထားပါ။ မိုးတွင်းမှာ အရေးကြီးဆုံး ထီး၊ ဖိနပ်၊ မိုးကာ ကောင်းကောင်းကိုလည်း ဆောင်ထားပေးသင့်ပါတယ်။
  • ကလေး၊လူကြီးပါ မကျန် နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း သပ်ရပ်သန့်ရှင်းပြီး လေကောင်းလေသန့်ရအောင် ဖန်တီးပေးပြီး အဓိကအနေနဲ့ ခြင်မလာအောင် ခြင်ဆေးအသုံးပြုတာ၊ ခြင်ထောင် ထောင်အိပ်တာ စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလို အစားအသောက်ရော၊ အနေအထိုင်ရော ဂရုပြုပေးရုံတင်မဟုတ်ဘဲ အိပ်ချိန်မှန်စေဖို့၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ဖျားနာလာတဲ့အခါမှာလည်း ကောင်းကောင်းအနားရဖို့ ပြုစုစောင့်ရှောက်ပေးသင့်တာပါ။

ဆရာဝန်နဲ့ တိုင်ပင်ကာ တုပ်ကွေးကာကွယ်ဆေး ထိုးထားနိုင်ရင်လည်း အကောင်းဆုံးဖြစ်ပြီး အကယ်၍ ကလေးအနေနဲ့ ၃ရက်ထက်ပိုပြီး အဖျားမကျတာ၊ အန်တာ၊ ဝမ်းလျောတာ၊ အဖု၊ အနီစက်တွေ ပေါက်တာ၊ အသက်ရှူရခက်ခဲလာတာတွေ ဖြစ်ပြီဆို ကျွမ်းကျင်ရာ ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးသင့်ပါဘူးနော်။

နှစ်တိုင်း မိုးစဝင်တဲ့အချိန်တွေမှာ ဖြစ်နေကြ ရာသီတုပ်ကွေးတွေ၊ ကူးစက်ရောဂါတွေ မဖြစ်ရအောင် ကလေးငယ်တို့အတွက် ဒီအချက်လေးတွေနဲ့ ကြိုပြင်ဆင်ထားမယ်၊ နေမကောင်းဖြစ်လာရင်လည်း အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး သက်သာအောင် ဂရုစိုက်ပေးလိုက်မယ်ဆို စိတ်ပူပင်စရာမလိုဘဲ မိသားစုဝင်တွေအားလုံး ပျော်ရွှင်ကျန်းမာစွာ ဝဿန်မိုးကာလကို ဖြတ်သန်းနိုင်ကြမှာ ဖြစ်ပါတယ်။


Share

Comments

Related Posts