
သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတွေ တွေ့ကြုံခံစားရခဲ့ကြပြီးနောက်မှာ ချစ်ခင်မြတ်နိုးရတဲ့ မိသားစုဝင်၊ မိတ်ဆွေတွေနဲ့ ကိုယ့်ကိုယ်ပိုင် သို့ ပတ်ဝန်းကျင်မှာရှိတဲ့ အိုးအိမ်တိုက်တာတွေ၊ တန်ဖိုးထားရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးပျောက်ကွယ်ရခြင်းနည်းတူ စိတ်ပိုင်းဆိုင်ရာအရလည်း နောက်ဆက်တွဲဆိုးကျိုးတွေ အချိန်အတော်ကြာ ဆက်လက်ရှိနေတတ်ပါတယ်။ ဆုံးရှုံးမှုတွေ ကြီးမားသလောက် စိတ်ထိခိုက်ခံစားရမှုတွေလည်း များလာလေဖြစ်မှာမို့ ဘက်ပေါင်းစုံက ပူပင်သောကတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖိစီးနေတတ်ပါတယ်။ ဒီလိုစိတ်ထိခိုက်ခံစားရတာတွေကနေ အမြန်ဆုံးကုစားနိုင်ဖို့ အရေးကြီးဆုံးဖြစ်ပြီး ဒီကနေ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာနဲ့ တတ်နိုင်သလောက် စိတ်လက်ပြေလျော့နိုင်မယ့် နည်းလမ်းတွေကို အားလုံးတူတူကြည့်လိုက်ရအောင်ပါ။

သိထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ
မုန်တိုင်း၊ ငလျင်နဲ့ ရေကြီးရေလျှံတာ စတဲ့ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက်ပိုင်းမှာ စစချင်း အံ့သြတုန်လှုပ်မှုနဲ့အတူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ကြမှာပါ။ ရက်အနည်းငယ်ကြာရင်တော့ ဒီအဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်နေမိပြီး အိမ်မက်ဆိုးတွေ မက်ကာ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကျမှုတွေ မြင့်တက်လာနိုင်ပါတယ်။ ဒါကို Post-Traumatic Stress Disorder (PTSD)လို့ ခေါ်ပြီး နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ ထပ်ဖြစ်လာမှာ ကြောက်တဲ့စိတ်နဲ့ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာလို့ အမြန်ဆုံး စိတ်ကို ကုစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီကနေ လူစည်ကားတဲ့နေရာတွေ သွားလာရမှာ ကြောက်တာ၊ ကျယ်လောင်တဲ့ အသံတွေကို သည်းမခံနိုင်တာတွေက အဖြစ်များတဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါပဲ။ ညဆို တော်တော်နဲ့ အိပ်မရတာ၊ အိပ်ချိန်မမှန်တာ၊ အိပ်ပျော်ပေမယ့် လန့်လန့်နိုးတတ်တာတွေကလည်း စိတ်ထိခိုက်ခံစားနေရတဲ့ ဂရုပြုစရာ လက္ခဏာတွေပါပဲ။ ဆုံးရှုံးခဲ့ရတဲ့ ချစ်ခင်မြတ်နိုးရသူတွေ၊ ဘဝတွေကြောင့် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ခက်ခဲပြီး ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်ဓာတ်ကျတာတွေချည်း နေရာယူတတ်တဲ့ အခြေအနေလည်း ဖြစ်နေမှာပါ။

အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာဖေးမကူညီမှု
အပေါ်မှာ ပြောပြထားတဲ့ စိတ်ထိခိုက်ခံစားရမှုတွေ တစ်ခုမှမဟုတ် တစ်ခု ဖြစ်လာပြီဆို ကြိတ်ခံစားတာတွေ၊ မကြာခင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာဆိုပြီး ထုတ်ဖော်မပြတာတွေက ခံစားရတာတွေကို လျော့ပါးမသွားစေနိုင်ပါဘူး။ ဒါတွေကို ရင်ဆိုင်ပြီး စိတ်ဓာတ်ပြန်လည်သန်မာလာအောင် တတ်နိုင်သလောက် ကြိုးစားကြဖို့ဆို ဒီအချက်လေးတွေ လုပ်ဆောင်သင့်ပါတယ်။
ကိုယ့်ခံစားချက်တွေကို အမှန်အတိုင်း သိရှိနားလည်ပါ - စိတ်ခံစားမှုအပြောင်းအလဲတွေက အမြဲလိုလို ရှိတတ်ကြတာမို့ ကြောက်ရွံ့တယ်၊ ဒေါသထွက်တယ်၊ စိတ်ရှုပ်တယ် စသဖြင့် ကိုယ်အခုဖြစ်နေတဲ့အတိုင်း သိပြီး ဒါက ဖော်ပြဖို့က ပထမအရေးကြီးဆုံးအချက်ပါပဲ။
ယုံကြည်ရသူကို ရင်ဖွင့်ပြောပြပါ - ကိုယ့်အတွေ့အကြုံတွေ၊ ပူပင်ခံစားနေရတဲ့ အကြောင်းတွေကို သူငယ်ချင်း၊ မိသားစုဝင် တစ်ဦးဦးဖြစ်ဖြစ် ဒါမှမဟုတ် ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုကို ပြောပြတာမျိုးက ဖြစ်နေတဲ့ စိတ်ဖိအားတွေကို သက်သာလျော့ပါးစေပါတယ်။
Social Media ကို အချိန်သတ်မှတ်ပြီး လျော့သုံးပါ - သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနေရဖို့ အရေးကြီးတယ်ဆိုပေမယ့်လည်း စိတ်ထိခိုက်စရာ သတင်းတွေကို လိုအပ်တာထက်ပိုတဲ့ ကြည့်ရဖန်များလာတဲ့အခါ စိုးရိမ်ပူပင်မှုတွေပဲ မြင့်တက်လာစေမှာပါ။ ဒါကြောင့် Social Media ကြည့်ချိန်ကို သတ်သတ်မှတ်မှတ်ထားနိုင်ဖို့ လိုပြီး မှန်ကန်တဲ့ သတင်းတွေကိုသာ ချင့်ချိန်ယုံကြည်စေချင်ပါတယ်။
တစ်နေ့တာ အချိန်ဇယားလေး စလုပ်ကြည့်ပါ - ဒီလိုအခြေအနေမှာ အများစုဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တော့ဘဲ ပူဆွေးဝမ်းနည်းရတာတွေ၊ စိုးရိမ်ကြောင့်ကြတာတွေ စိုးမိုးနေတတ်မှာပါ။ ဒါတွေကို အတတ်နိုင်ဆုံး လျော့ချနိုင်အောင် လုပ်သင့်လုပ်ထိုက်တာတွေ ပြန်လည်စတင်ပြီး အစားပုံမှန်စားတာ၊ လမ်းလျှောက်တာ၊ journaling လုပ်တာမျိုးတွေကို အခြေခံအနေနဲ့ လုပ်ဆောင်နိုင်ပါတယ်။
တရားထိုင်ပါ၊ အားကစားလုပ်ပါ - စိတ်တည်ငြိမ်မှု ရစေဖို့နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ခံစားနေရတာတွေ သက်သာစေဖို့ တည်ငြိမ်တဲ့ အားကစားတစ်ခုခုလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ပေါ့ပေါ့ပါးပါး အသက်ရှူလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေကို အချိန်အနည်းငယ်ပေးပြီး စတင် လုပ်ဆောင်ကြည့်စေချင်ပါတယ်။

စိတ်ထိခိုက်ခံစားရမှုတွေဟာ လူကြီးတွေမှာတင် မဟုတ်ဘဲ နုနယ်တဲ့ကလေးငယ်တွေမှာ ပိုလို့တောင် ခံစားရနိုင်ပါတယ်။ အရွယ်ငယ်ငယ်နဲ့ စိတ်ရော ကိုယ်ပါ ဒဏ်ရာရနိုင်စရာ အဖြစ်အပျက်ဆိုးတွေ ကြုံရပြီဆို လူကြီးတွေအနေနဲ့
- ဖြစ်ပျက်သွားတာတွေကို ကလေးတွေ နားလည်သိရှိအောင် ဖြေးဖြေးချင်း ရှင်းပြတာ၊
- တတ်နိုင်သလောက် လုံခြုံစိတ်ချရတဲ့နေရာမှာ ထားရှိပြီး အန္တရာယ်ကင်းသွားပြီဆိုတဲ့အကြောင်း ပြောပြတာ၊
- သူတို့လေးတွေ ပုံဆွဲတာ၊ ပုံပြင်ပြောပြတာတွေကနေ ခံစားနေရတာတွေ သိရအောင် လုပ်တာ၊
- အပြုအမူလေးတွေ ပြောင်းလဲလာတယ်ဆို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာတို့ကို စောင့်ကြည့်လုပ်ဆောင်ပေးသင့်ပါတယ်။
စိုးရိမ်ပူပန်မှုတွေ လျော့မသွားဘဲ ပိုတိုးလာတယ်၊ PTSDလက္ခဏာတွေက တစ်လထက်ပိုပြီး ဆက်ရှိနေတယ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုတဲ့အတွေးတွေ ဝင်လာတယ်ဆို ကျွမ်းကျင်ရာအကူအညီတွေ ရယူဖို့ အရေးကြီးပါတယ်နော်။ စိတ်ကျန်းမာနေဖို့က ပထမဦးစားပေးဖြစ်တာမို့ ဒီလိုအခြေအနေမှာ ကိုယ်တစ်ယောက်တည်းလို့ မခံစားဘဲ အချင်းချင်းစာနာနားလည်ကာ အားလုံးတူတူဖေးမကူညီရင်း ပြန်လည်ထူထောင်ကြရအောင်ပါ။
Comments