
အာရှတိုက်ဟာ ကွဲပြားခြားနားတဲ့ ယဥ်ကျေးမှုတွေနဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ကမ္ဘာ့တိုက်ကြီးတွေထဲက တစ်ခုအပါအဝင်ပါ။ နိုင်ငံအသီးသီးရဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြတဲ့ ရိုးရာယဥ်ကျေးမှုတွေနဲ့ ဆင့်ကဲတိုးတက်ပြောင်းလဲလာမှုတွေကို ကြည့်မယ်ဆိုရင် တခြားကဏ္ဍတွေထက် အစားအသောက်ကဏ္ဍမှာ ပိုမိုထင်သာမြင်သာရှိလှပါတယ်။ ဒီအာရှဒေသအများစုဟာ စိုက်ပျိုးမြေဖြစ်ထွန်းပြီး အစားအစာမျိုးစုံကို အရသာခံစားမှုမျိုးစုံနဲ့ ချက်ပြုတ်စားသောက်နိုင်တာကြောင့် အစားအသောက်ချစ်သူတွေအတွက်လည်း နိဗ္ဘာန်ဘုံတမျှရယ်ပါ။ ဟင်းခတ်အမွှေးအကြိုင်အစုံအလင်နဲ့ ခံတွင်းတွေ့စရာ အိိန္ဒိယအစားအစာတွေ ကနေ နူးညံ့ပေါ့ပါးတဲ့ ဂျပန်အစားအစာတွေအထိ အချင်းချင်းယဥ်ကျေးမှုတွေ ဖလှယ်ရင်းကနေ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ကာ တစ်နေ့တာစားသုံးနေတဲ့အထဲ ပါဝင်လာတတ်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

ယဥ်ကျေးမှုနဲ့ အရသာမျိုးစုံ ပေါင်းစည်းမှု
အာရှအစားအစာအများစုရဲ့ ဖြစ်တည်ကွဲပြားလာမှုအစကတော့ ကမ္ဘာကြီးရဲ့ အရှေ့နဲ့အနောက် နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ ပင်လယ်လမ်းကြောင်းတွေ (Maritime Silk Roads) နဲ့ အာရှပိုးလမ်းမကြီး (The Silk Road)လို့ခေါ်တဲ့ အာရှနဲ့ ဥရောပကို ဆက်သွယ်ထားတဲ့ သမိုင်းဝင်ကုန်သွယ်လမ်းကြောင်းတွေကနေ ကုန်ပစ္စည်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းဝယ်ဖလှယ်ကြရင်း စတင်ခဲ့တာပါ။ ဒီလမ်းကြောင်းတွေက တရုတ်၊ အိိန္ဒိယကနေ အရှေ့တောင်အာရှတစ်ခုလုံးနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအထိ ဆက်သွယ်ထားတာမို့လို့ ဆန်စပါး၊ ခေါက်ဆွဲ၊ ငရုတ်၊ ပဲ၊ မန်ကျည်းနဲ့ လက်ဖက် တို့ကို ဒေသအလိုက် ရောင်းဝယ်ဖောက်ကားနိုင်ကြပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေကနေ အာရှနိုင်ငံအသီးသီးမှာ အခေါ်အဝေါ်ကွဲပြားပေမယ့် ပုံစံတူအစားအစာအမျိုးမျိုး ပေါ်ပေါက်လာပြီး နှစ်သက်သလို ချက်ပြုတ်စားသောက်လာတတ်ကြတာပါ။ ဥပမာအနေနဲ့
- ခေါက်ဆွဲဆိုရင် အာရှတစ်လွှားမှာ ဂျပန်မှာဆို Ramen၊ ဗီယက်နမ်မှာဆို Pho၊ တရုတ်မှာဆို လက်လုပ်ခေါက်ဆွဲ ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ စားတတ်ကြပြီး
- ဆန် စိုက်ပျိုးအောင်မြင်ရာ ဒေသတွေဖြစ်တဲ့အလျောက် ထမင်းကို မရှိမဖြစ် နေ့စဥ်အစားအစာတစ်ခုအနေနဲ့ စွဲစွဲမက်မက်စားတတ်ကြတာကြောင့် အိိန္ဒိယဒံပေါက် ကနေ ကိုရီးယားထမင်းသုပ် Bibimbap အထိ အပြင်
- အစားအစာတွေမှာ အရသာရှိအောင် ထည့်သွင်းချက်ပြုတ်တဲ့ အချဥ်ဖောက်ပစ္စည်းတွေ - ပဲငံပြာရည်၊ မီဆိုအနှစ်၊ ကင်ချီနဲ့ ငါးငံပြာရည်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖန်တီးစားနိုင်လာကြတာဖြစ်ပါတယ်။

ကွဲပြားခြားနားမှုတွေကနေ တူညီမှု
နေရာဒေသတွေ ကွဲပြားကြပေမယ့်လည်း အာရှအစားအစာအများစုက ချို၊ ချဥ်၊ ငန်၊ စပ် အရသာမျှတအောင် ပြင်ဆင်ကြပြီး ရာသီပေါ် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အလေးထား ချက်ပြုတ်ကြတဲ့နေရာမှာ တူညီကြပါတယ်။ ဒီလို ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ကိုယ့်နေရပ် ပတ်ဝန်းကျင်မှာ ဝေမျှစားတတ်ကြတဲ့ အလေ့အကျင့်တွေဟာ လူအချင်းချင်း ကွဲပြားခြားနားတဲ့ ဘာသာစကားတွေမလိုဘဲ အစားအသောက်ကနေ ဆက်သွယ်ပေးနေခြင်း တစ်မျိုးပါ။ ဥပမာပြောရမယ်ဆို အစာသွပ်စားရတဲ့ ဖက်ထုပ်တို့၊ ကော်ပြန့်တို့ဆိုရင် နိုင်ငံအသီးသီးရဲ့ အခေါ်အဝေါ်အရ တရုတ်မှာဆို Jiaozi ၊ ကိုရီးယားမှာဆို Mandu၊ ဗီယက်နမ်မှာဆို Spring Rolls စသဖြင့် ကွဲပြားကြတယ်။ ဒါပေမယ့် အခြေခံအားဖြင့် ဒါကို ဖန်တီးတဲ့ပုံစံ တူညီကြတဲ့အပြင် ကိုယ့်လူမျိုးအချင်းချင်း အတူတကွ စုစုစည်းစည်းနဲ့ စားကြတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ကတော့ တူညီစမြဲဖြစ်ပါတယ်။

ယဥ်ကျေးမှုဆက်နွယ်မှု
အာရှအစားအစာတွေတိုင်းမှာ စားကောင်းတယ်၊ အရသာရှိတယ်ဆိုတာတွေထက် သူတို့ကိုယ်ပိုင် သမိုင်းကြောင်းကိုယ်စီရှိကြတာက ပိုစိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီအရာတွေမှာ သမိုင်းအမှတ်တရတွေ၊ မိသားစုဓလေ့ထုံးစံတွေနဲ့ ရိုးရာယဥ်ကျေးမှုတွေပါ ပေါင်းစပ်ပါဝင်တာပါ။ ဟင်းပွဲအများစုဟာ ဘဝအတွက် အရေးပါတဲ့ ပွဲအခမ်းအနားတွေနဲ့ ရိုးရာပျော်ပွဲရွှင်ပွဲတွေမှာပါ မကျန် ဝေမျှကာ ပါဝင်ပတ်သတ်နေကြပြီး ကြွယ်ဝချမ်းသာခြင်း၊ တပေါင်းတစည်းတည်း ညီညီညွတ်ညွတ်ရှိခြင်းနဲ့ အသစ်တဖန် မွေးဖွားခြင်းတွေကို ကိုယ်စားပြုတဲ့ အစားအစာတွေလည်း ဖန်တီးပြင်ဆင်တတ်ကြပါသေးတယ်။
အခုလို အလျင်အမြန်တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အတူ အာရှတစ်လွှားက အစားအစာတွေဟာလည်း သူတို့ရဲ့ အစဥ်အဆက်တည်ရှိလာတဲ့ ရိုးရာယဥ်ကျေးမှုတွေကို အခြေခံရင်း အတူတိုးတက်ပြောင်းလဲနေဦးမှာပါ။ သင့်အနေနဲ့လည်း ဂျပန်ဆူရှီဖြစ်ဖြစ်၊ အိိန္ဒိယပဲဟင်းဖြစ်ဖြစ် အရသာရှိရှိစားခဲ့တယ်ဆို ဒီဟင်းပွဲပန်းကန်တစ်ခုအတွင်းမှာပဲ သူတို့ရဲ့အစားအစာ သမိုင်းကြောင်း၊ ယဥ်ကျေးမှုနဲ့ ဆက်နွယ်မှုတွေကို ခံစားလိုက်ရတာ ဖြစ်ပါတယ်။
Comments